တောင်ကိုရီးယား၏ ဒုံးပျံကာကွယ်ရေးစနစ် ဆန့်ကျင်ဟု တရုတ်ပြောကြား

ဓာတ်ပုံ - MISSILE DEFENSE AGENCY
တောင်ကိုရီးယားနိုင်ငံ ပိုင်နက်မှာ ဖြန့်ကြက်မယ့် အမေရိကန်ရဲ့ အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးစနစ် (Terminal High Altitude Area Defense - THAAD) အစီအစဉ်ကို ဆန့်ကျင်ကြောင်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုးလ်မြို့မှာ ပြောပါတယ်။ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Yesui နဲ့ တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lim Sung-nam တို့ဟာ ၇ ကြိမ်မြောက် အကြီးတန်းအဆင့် တရုတ်-တောင်ကိုရီးယား မဟာဗျူဟာ ဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြောကြားချက်ကို ဆင်ဟွာသတင်းက ရေးပါတယ်။ မြောက်ကိုရီးယားက ပိတ်ပင်ထားတဲ့ တာဝေးပဲ့ထိန်းဒုံးပျံသုံးပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က ဂြိုဟ်တုလွှတ်တင်ခဲ့သလို ဇန်န၀ါရီလဆန်းပိုင်းက နျူကလီးယား စမ်းသပ်ခဲ့မှုတွေကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့က THAAD ဖြန့်ကြက်ရေး ဆွေးနွေးဖို့ သဘောတူခဲ့ပြီးနောက် ဒီဆွေးနွေးပွဲ ခေါ်ယူခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဆန့်ကျင်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက်သစ်ကို ထောက်ခံကြောင်း ပြောဆိုပါတယ်။ ဒါပေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုထက် ဒီပြဿ   နာကို အခြေခံကျကျ  တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသင့်ကြောင်း သူက ပြောပါတယ်။ ဒီဖြန့်ကြက်မှုဟာ လက်ရှိ တင်းမာမှုကို ပျက်ပြား လျော့ပါးသွားစေဖို့ အထောက်အကူဖြစ်မှာ မဟုတ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူမပြုဘဲ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ လုံခြုံရေး အကျိုးစီးပွားကို ထိပါးစေလိမ့်မယ်လို့ သူက ပြောဆိုပြီး ဒီကိစ္စကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ဆွေးနွေးလာအောင် သက်ဆိုင်ရာ နိုင်ငံတွေက တိုက်တွန်းကြဖို့လည်း ပြောပါတယ်။ THAAD ဟာ အမြင့်ပေ ကီလီမီတာ ၄၀ ကနေ ၁၅၀ အကြား ပဲ့ထိန်းဒုံးပျံတွေကို ခြေရာခံနိုင်၊ ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အနိမ့်ပျံသန်းနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် ရာပေါင်းများစွာအပေါ် ထိရောက်မှု သံသယရှိနေသလို စနစ်ကထုတ်လွှတ်တဲ့ မိုက်ခရိုဝေ့ဖ်စွမ်းအင် ပြင်းထန်မှုကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တောင်ကိုရီးယား အရာရှိတွေကတော့ ကျွန်းဆွယ်လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက လေးလေးနက်နက် အပြုသဘော ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အရေးပါမှုကို သိရှိပြီး အလုပ်တွဲလုပ်သွားလိုကြောင်း ပြောကြားပြီး ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကြက်မှုကိစ္စကို တရုတ်နိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောဆိုကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား အရေးကိစ္စကို အဖြေရှာဖို့ ခြောက်နိုင်ငံ အစည်းအဝေးဟာ ၂၀၀၈ ခုနှစ်မှာ ရပ်နားထားရပြီး ပြန်လည်စတင်နိုင်ခြင်း မရှိသေးပါဘူး။ ခြောက်နိုင်ငံအစည်းအဝေး ရည်ရွယ်ချက်ဟာ မြောက်ကိုရီးယား လက်နက်အစီအစဉ်အပေါ် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ခြောက်နိုင်ငံထဲမှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းတို့ ပါဝင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up