အမ်အက်စ်အက်ဖ် ဆေးရုံကို တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုမြောက်ဟု စွပ်စွဲ (ရုပ်သံ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက နယ်စည်းမခြား ဆရာဝန်များ (အမ်အက်စ်အက်ဖ်) ဆေးရုံတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ပြင်သစ်နဲ့ တူရကီနိုင်ငံက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ ဆီးရီးယားမြောက်ပိုင်း အစ်ဒလစ် (Idlib) မြို့အနားက အမ်အက်စ်အက်ဖ် ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းက ပစ်ခတ်မှုမှာ လူအယောက် ၅၀ အထိ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး ရုရှားလေတပ်က တိုက်ခိုက်တာလို့  တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ရုရှားနိုင်ငံကတော့ အဲ့ဒီစွပ်စွဲမှုကို ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့တပတ်က ဂျာမနီနိုင်ငံမှာ အမေရိကန်နဲ့ ရုရှားတို့ သဘောတူထားတဲ့ ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲရေးဟာ လက်တွေ့မှာ သိပ်မဖြစ်နိုင်ဘူးလို့ ဆီးရီးယားသမ္မတ အာဆက်က ပြောဆိုပါတယ်။ သဘောတူညီမှုအရတော့ အခုတပတ်အတွင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ အင်အားကြီးနိုင်ငံ ၂ ခု သဘောတူထားကြပြီး တိုက်ပွဲတွေအတွင်း ပိတ်ဆို့ခံနေရတဲ့ အရပ်သားတွေကိုပါ လူသားချင်း အကူအညီတွေ ပေးသွားဖို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ဒမာစကတ်မြို့မှာ ဆွေးနွေးနေပါတယ်။

More News
Up