အင်းလေး တံငါသည်ဓာတ်ပုံ တနှစ်တာအကောင်းဆုံး ဆုရ
DVB
·
February 17, 2016
ဓာတ်ပုံဆရာ ဂျယ်ရမီဖလင့် ရိုက်ကူးတဲ့ အင်းလေးကန်တွင်းမှ ခြေထောက်ဖြင့် လှေလှော်နေသည့် တံငါသည်ပုံကို ကမ္ဘာကျော် နေရှင်နယ်ဂျီအိုဂရပ်ဖစ် ခရီးသွားမဂ္ဂဇင်းရဲ့ ၂၀၁၅ ခုနှစ်၊ တနှစ်တာ အကောင်းဆုံးဓာတ်ပုံအဖြစ် ရွေးချယ်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် သည်ဝိခ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီပုံနဲ့အတူ ကျူးဘားနိုင်ငံမှ ဒေသခံများအမည်ရ ဓာတ်ပုံနဲ့ ကန့်ဒေသ (Kent) က ဆာဖာရီဥယျာဉ်တွင်းမှ မြင်းကျားများ အမည်ရပုံတွေလည်း ဆုအတွက် လျာထားခံခဲ့ရတာပါ။
“ပြိုင်ဘက်ကင်းတဲ့ လုပ်ငန်းခွင်ဝင် တံငါသည်ရဲ့ပုံကို ကတော့ချွန်ပုံ ငါးဖမ်းပိုက်ကွန်ကနေ တဆင့် လှမ်းမြင်လိုက်ရကတည်းက ဒါကို ကျနော်က အမိအရ ရိုက်ချင်ခဲ့တာ” လို့ ဖလင့်က ပြောပါတယ်။
“ဒီပုံက ဘာကိုရည်ညွှန်းနေသလဲဆိုတော့ မယုံနိုင်လောက်စရာ လှေလှော်စွမ်းရည်နဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသမားတဦးရဲ့ အံ့သြစရာ မြင်ကွင်းတခုကို ဖော်ပြနေတာပါ။”
ဆုရဓာတ်ပုံရွေးချယ်ရေး အကဲဖြတ်ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဆွိုက်ပ်မီဒီယာ ပူးတွဲတည်ထောင်သူ အန်ဒီဂရင်းဟောက်စ်က ဖလင့်ရဲ့ဓာတ်ပုံဟာ လူ့မျက်စိ အမြင်ဘက်က အတွင်းအနက် ပေါ်လွင်အောင် ရိုက်ပြနိုင်တဲ့အတွက် ရှုမြင်ရသူကို ခေါက်ချိုးညီညီ ထင်ဟပ်ပြနိုင်စွမ်း ရှိနေတယ်လို့ ပြောပါတယ်။