မိုးပျံပူဖောင်းနှင့် ပို့ခဲ့သည့် သက်တမ်း ၁၄၅ နှစ်သက်တမ်းရှိ စာတစောင်တွေ့ရှိ

1.5K
ပြင်သစ်နိုင်ငံမှ အမျိုးသားတဦးက သူ့မိခင်ဆီ ရေးသားခဲ့တဲ့ စာတစောင် မိုးပျံပူဖောင်းမှတဆင့် ပို့လွှတ်ခဲ့တာကို သြစတြေးလျနိုင်ငံမှာ တွေ့ရှိခဲ့ပြီး သက်ဆိုင်တဲ့ မိသားစုဝင်ကို သိချင်နေကြတယ်လို့ အမျိုးသားမော်ကွန်းတိုက်က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။
၁၈၇၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်-ဂျာမနီ ဖရန်ကို-ဖရူရှန် စစ်ပွဲကာလတွင်း ဂျာမန်တပ်တွေ ၀န်းရံနေချိန် ခုလို မိုးပျံပူဖောင်းကို အသုံးပြုပြီး စာတွေကို ထောင်နဲ့ချီ ပေးပို့ခဲ့ကြတာ ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
ခုတွေ့ရှိတဲ့စာကတော့ ၁၈၇၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ ချားလ်စ်မက်စ် မီယာ အမည်ရ အမျိုးသားက ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေဆီ လိပ်မူပြီး ဂရူဆင်အမည်ရတဲ့ အမျိုးသားမှတဆင့် သူ့မိခင်ဆီ ပေးပို့ခဲ့တာပါ။
သြစတြေးလျ အမျိုးသားမော်ကွန်းဌာန လက်ထောက်အထွေထွေဒါရိုက်တာ လူးဝစ်စ်ဒွိုင်းလ်က “ဒါဟာ လူ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်” လို့ ပြောပါတယ်။
“ဒါဟာ သြစတြေးလျမှာ ဘယ်လိုအဆုံးသတ် တွေ့ရှိရတယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ ခုထက် ပိုသိချင်လာမိတယ်။”
အဲဒီစာကို မူလ ကွင်းစလန်စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေး ပြတိုက်ကနေ ဘရစ္စဘိန်းပြတိုက်ကို လွှဲပြောင်းပေးခဲ့ပေမယ့် မူလပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစုံတရာ မရရှိခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။
ခုချိန်မှာတော့ သြစတြေးလျ အမျိုးသားမော်ကွန်းဌာနဟာ ပြင်သစ်နိုင်ငံ အမျိုးသားမော်ကွန်းဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
စာထဲမှာ အဲဒီအမျိုးသားက သူ့မိခင်ဆီကို သူ ကျန်းကျန်းမာမာရှိနေကြောင်း ရေးသားထားခဲ့တာပါ။
စာထဲမှာ “ကျနော်တို့ နေ့စဉ်စားသောက်ရတဲ့ အစားအသောက်တွေထဲမှာ အသားတွေ မရပါဘူး။ ရရှိတဲ့ အစားအစာတချို့ကလည်း သိပ်တော့မများလှဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ကျနော့်မိသားစုဝင် တဦးတလေကမှ စောဒကမတက်ကြပါဘူး” လို့ တစိတ်တပိုင်း ရေးထားခဲ့တာပါ။
တရွက်တည်းသာ ရေးထားခဲ့တဲ့ အဲဒီစာဟာ အလျား ၈ လက်မနဲ့ အနံ ၅ လက်မရှိပြီး စာရဲ့ဘယ်ဘက်ထိပ်မှာ မိုးပျံပူဖောင်းမှတဆင့်လို့ ရေးထိုးထားခဲ့တာပါ။