Home
မြန်မာသတင်း
ရှမ်းပြည်နယ်တိုက်ပွဲများရပ်တန့်ရန် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်
နော်နိုရင်း
·
February 16, 2016
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အစိုးရဆီတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က တင်သွင်းတာဖြစ်ပြီး ဒီအဆိုကို ပြည်သူ့လွှတ်တော်က တခဲနက် ထောက်ခံခဲ့ပါတယ်။ “လက်ရှိအခြေအနေမှာ အန်ကယ်တို့ရဲ့ဒေသမှာ စစ်ပွဲတော်တော်လေးပြင်းထန်နေတယ်။ ပိုဆိုးဝါးတာကပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြည်သူတွေရဲ့အတိဒုက္ခကို မြင်လာတဲ့အခါမှာ သူတိုရဲ့အတိဒုက္ခ ဖြေလျော့မှုလေး ရအောင်၊ စစ်ပွဲလည်း အမြန်ဆုံးရပ်စဲနိုင်အောင် အရေးကြီးအဆိုကို တင်သွင်းရတာပါ။ ဒီအဆိုထဲမှာ ကျောင်းသား၊ ကျောင်းသူတွေ ဆရာဆရာမတွေ ပြည်သူတွေကို ထွက်ပြေး တိမ်းရှောင်ခွင့်မပေးဘဲ ထိန်းချုပ်ထားတယ်။ ပြည် သူတွေက ခိုးပြီးထွက်ပြေး လာရတဲ့အဆင့်မျိုး ဖြစ်အောင်ဖန်တီးထားတဲ့အတွက် ဒါတွေဟာ အင်မတန် ဆိုးဝါးတယ်။ ဒါကြောင့်မို့ လုံခြုံမှု မရှိတာတွေရယ်၊ ပစ္စည်းအိုးအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေသိရတော့ သူတို့ရဲ့ ကိုယ်စား အရေးကြီးအဆို တင်သွင်းရတာပါ။ ” ဒီအရေးကြီးအဆိုနဲ့ ပတ်သတ်ပြီး ဆွေးနွေးရန်သင့်မသင့်ကို မဲခွဲဆုံးဖြတ်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံမဲများတဲ့အတွက် မနက်ဖြန်မှာပြုလုပ်မယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးကလည်း “ဒီတိုက်ပွဲစဖြစ်တာက ဖေဖော်ဝါရီလ ၇ ရက်နေ့လေ။ ပြည်ထောင်စု မြန်မာနိုင်ငံကို စတင်သန္ဓေတည်ခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဒီနိုင်ငံမှာရှိနေတဲ့လူတွေက အလေးထားဂုဏ်ပြုရမယ့်အစား လက်နက်ကိုင်တွေကြောင့် ဆင်းရဲဒုက္ခရောက်နေတယ်။ လက်နက်ကိုင်ဆိုတာက ပြည်သူတွေကို အကာအကွယ်ပေးပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးဖို့ပဲလေ။ အခုဆိုရင် လူမျိုးရေး ပဋိပက္ခအသွင်ကို ဆောင်လာနေတယ်။ အဲဒီ အတွက် ကျမတို့က ဒီတိုက်ပွဲကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့က အားလုံးမှာတာဝန်ရှိတယ်”လို့ ပြောပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဒီကိစ္စ ကို ဆွေးနွေးပေးဖို့လည်း တောင်းဆိုထားပါတယ်။ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် တော့ဆန်၊ ပါခါး၊ ညောင်ပန်လှ၊ ကလောင်းဝမ်း၊ တောင်ပို့လို့၊ ကန့်ဟိန်း၊ တွန့်ခန့်၊ ၀မ့်မိုင်၊ ကန့်ကန်အုပ်စု စတဲ့ကျေးရွာတွေကဒေသခံပြည်သူပေါင်း ၂၆၀၀ လောက် ကျောက်မြို့ပေါ်မှာ ထွက်ပြေး ခိုလှုံနေကြရပါတယ်။ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်မရပ်ရသေးတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား နယ်မြေပြဿ နာကြောင့် ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစပြီး ယနေ့ထိ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024