ပီအက်စ်ဂျီကို ရင်ဆိုင်ရန် ယုံကြည်မှုအပြည့်ရှိဟု ချဲလ်ဆီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
အသင်းခေါင်းဆောင် ဂျွန်တယ်ရီ မပါလည်း ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်ဖို့ ယုံကြည်မှု အပြည့်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ ဂုစ် ဟစ်ဒင့်က ပြောလိုက်ပါတယ်။ ချဲလ်ဆီးက ဖေဖော်ဝါရီ ၁၆ ရက်ည ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပါ။ နည်းပြကတော့ အသက် ၃၅ နှစ်အရွယ် တယ်ရီရဲ့နေရာမှာ အီဗန်နိုဗစ်နဲ့ ကာဟေးတို့က ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကွင်းလယ်ကစားသမား အော်စကာလည်း ဒဏ်ရာကနေ ပြန်ကောင်းလာပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းမှာတော့ ပြီးခဲ့တဲ့တပတ် အမှတ်ပေးလိဂ်ပွဲစဉ်မှာ အနားပေးထားတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့ ဆေးဗားတို့ ပြန်လည် ပါဝင်လာမှာပါ။ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ တတိယအကြိမ်မြောက်အဖြစ် ထပ်မံတွေ့ဆုံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က ချဲလ်ဆီးက ပီအက်စ်ဂျီကို အနိုင်ယူပြီး နောက်တဆင့်ကို တက်နိုင်ပေမယ့် မနှစ်က ဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီက ချဲလ်ဆီးကို ပြန်လည် အနိုင်ရခဲ့ပါတယ်။ လောလောဆယ်မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပေမယ့် ပီအက်စ်ဂျီကတော့ ပြင်သစ်လီဂူး အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းကို အမှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။

More News
Up