ကမ္ဘာ့ရှားပါး နှင်းတောင်ကျားသစ်တကောင် တွေ့ရှိ (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဂျန်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ နှင်းလျှောစကိတ်စီးသမား ၅ ဦးပါဝင်တဲ့ အုပ်စုဟာ ကမ္ဘာ့ရှားပါး နှင်းတောင်ကျားသစ်တကောင်ကို ဗွီဒီယိုကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ကြတယ်လို့ အင်ဒီပန်းဒန့် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအုပ်စုဟာ သြစတြေးလျနိုင်ငံမှ အားလပ်ရက် ခရီးထွက်လာကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဂါလ်မက်ဂ်မြို့အနီးမှာ နှင်းလျှောစီးနေစဉ် ခုလို ဖမ်းယူရရှိခဲ့ကြတာပါ။ သူတို့အုပ်စုထဲက ရုပ်သံဗွီဒီယိုကို မှတ်တမ်းတင်ခဲ့သူ အိုဝင်လန်းစ်ဘာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ခုလိုရေးခဲ့တာပါ။ “ဒါဟာ ကျနော်တို့ စကိတ်စီးနေတုန်းမှာ ဖြတ်ပြေးသွားခဲ့တဲ့ နှင်းတောင်ကျားသစ်ရဲ့ ဇာတ်လမ်းတပုဒ်ပေါ့။ ကျနော်မြင်တာက (အ၀ါရောင်အစင်းတွေနဲ့) ရောထွေးပြီး နှင်းတောထဲကို တိုးဝင်သွားခဲ့တာကိုပဲ။ သူဟာ ၁ မိနစ်လောက် အဲဒီနေရာမှာ ရပ်နေခဲ့တာကို ခင်ဗျားတို့ ကြည့်လိုက်ပါဦး။” “အဲဒီနောက်မှာ ဟိန်းဟောက်သံနဲ့အတူ တောင်စောင်းတလျှောက် ဒေ့ဗ် (တခြား အဖော်) စီးနေတဲ့ဘက်ကို လျှောဆင်းသွားပြီး တောထဲကို ပြေးဝင်သွားခဲ့တော့တာပဲ။ တကယ့်ကို မယုံနိုင်စရာ အတွေ့အကြုံတခုပါပဲ။” နှင်းတောင်ကျားသစ်တွေဟာ ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးစိတ်တွေထဲမှာ ပါဝင်နေတာပါ။ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ ဟိမ၀န္တာတောင်တန်းတွေပေါ်မှာ နေထိုင်ကျက်စားတဲ့ နှင်းတောင်ကျားသစ် အရေအတွက်ဟာ ခုချိန်မှာ လက်ကျန်ကောင်ရေ ၅၀၀ လောက်သာ ကျန်ရှိတော့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up