အာဆင်နယ်နှင့်ပွဲမတိုင်မီ မန်ယူနည်းပြကို ထုတ်ပယ်ဖွယ်ရှိ

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီယားလိဂ်ပွဲ မတိုင်ခင် နည်းပြ လူးဝစ်ဗန်ဂါးကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို ကမ်းလှမ်းဖွယ်ရှိတယ်လို့ ဗြိတိန်အခြေစိုက် သည်ဆန်းသတင်းရဲ့အဆိုကို ကိုးကားပြီး ဒေးလီးစတား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မန်ယူအသင်းအုပ်ချုပ်သူ တာဝန်ရှိသူတွေဟာ အသင်းရဲ့ ဆိုးဝါးတဲ့ရလဒ်တွေကြောင့် သတိပေးခဲ့ကြတာဖြစ်ပြီး အခုလမကုန်ခင်မှာ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို ခေါ်ယူလိမ့်မယ်လို့ ဆိုပါတယ်။ မန်ယူအသင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီမတိုင်ခင် ယူရိုပါလိဂ်ပွဲအဖြစ် မစ်ဂီလန်းနဲ့ ၂ ကြိမ်ကစားရမှာဖြစ်သလို အက်ဖ်အေဖလား ပြိုင်ပွဲမှာတော့ ရှရူးစ်ဘာရီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီအတွက် နည်းပြ ဗန်ဂါးအနေနဲ့ အိုးထရက်ဖို့ကွင်းမှာ အချိန် ၁၃ ရက်သာ နေရတော့မယ့် အခြေအနေ ဖြစ်နေတာပါ။ မန်ယူအသင်းအနေနဲ့ မော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုထားခဲ့ပေမယ့် မော်ရင်ဟိုကတော့ သူ့မိတ်ဆွေတွေကို အလုပ်သစ်ရခဲ့ပြီလို့ ပြောဆိုခဲ့တာပါ။ မန်ယူနည်းပြ ဗန်ဂါးကတော့ သူ့နောက်ကွယ်မှာ လျှို့ဝှက်ဆက်သွယ် ဆွေးနွေးခဲ့တာတွေဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အတိအလင်း ၀န်ခံလိုက်ပါတယ်။ “ဒါတွေဟာ ကျနော်ပြောခဲ့သလိုပါပဲ။ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ဘောလုံးအားကစားလောကမှာ ဒါဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ ကျနော်သိပါတယ်။ အက်ဒ်နဲ့ ဂလေဇာတို့နဲ့ ရင်းရင်းနှီးနှီး သိတဲ့အတွက် မကြာခင် ကျနော့်ကို ထုတ်ပြောလာကြမယ်လို့ ထင်ပါတယ်။” မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ ပဉ္စမမြောက်နေရာမှာ ရှိနေတာဖြစ်ပြီး သူ့အထက် မန်ချက်စတာစီးတီးအသင်းနောက် ၆ မှတ်အကွာမှာ ရှိနေတာပါ။

More News
Up