Home
ဆောင်းပါး
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုနဲ့ ပွက်ထလာတဲ့ ဂယက်
DVB
·
February 15, 2016
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၇ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၆) က မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု တခုကို ထပ်ပြီး ပြုလုပ်ခဲ့ပြန်ပါပြီ။ ထပ်ပြီးလို့ သုံးရတာကတော့ စာဖတ်သူတွေအနေနဲ့ နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံ ကန့်ကွက်ဝေဖန် ပြစ်တင်မှုတွေ ကြားကပဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ခုတကြိမ်မှာလည်း သယ်ပို့ဒုံးပျံ ကွမ်မြောင်ဆောင်းကို ဆိုဟေး အာကာသ ဗဟိုဌာနက တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီက ဆိုဟေး အာကာသစခန်းကနေ ပစ်လွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒုံးပြန်ဟာ ပစ်လွှတ်ပြီး ၉ မိနစ် ၄၆ စက္ကန့်အကြာမှာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်ရှိသွားခဲ့ပြီး ပစ်လွှတ်မှုကို ကြီးမြတ်တဲ့ ခေါင်းဆောင် ကင်မ်ဂျုံအန် ကိုယ်တိုင် အမိန့်ပေး ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA တီဗွီသတင်းဌာနက ကြေညာသွားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ ဒီ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုကို ငြိမ်းချမ်းတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စမ်းသပ်မှု ဖြစ်တယ်လို့ ကြေညာခဲ့ပြီး နောက်ထပ် ဂြိုဟ်တုတွေ ထပ်ပြီး လွှတ်တင် စမ်းသပ်ဖို့လည်း ရှိသေးတယ်လို့လည်း ဆိုပါတယ်။ အဲဒါကို ဂျပန်၊ တောင်ကိုရီးယား စတဲ့ တခြားနိုင်ငံတွေက စောင့်ကြည့်လေ့လာခဲ့ကြပြီး ဒါဟာ ပြီးခဲ့တဲ့လက ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်မှုလို့ဆိုတဲ့ စမ်းသပ်မှု လုပ်ပြီး ချက်ချင်းလိုလိုပဲ ထပ်လုပ်လာတဲ့အတွက် တိုက်ချင်းပစ်ဒုံး စမ်းသပ်မှုလုပ်ဖို့ ဟန်ပြ လုပ်ရပ်တခုလို့လည်း အများက မြင်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တွေက အဲဒီပစ်လွှတ်မှုကို အလျှင်အမြန်ပဲ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး မြောက်ကိုရီးယားရဲ့ ဒီဂြိုဟ်တုလွှတ်တင်မှုမှာ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာကို အသုံးပြုခဲ့တာအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း တောင်ကိုရီးယား သံအမတ်ကြီးကို ဆင့်ခေါ် ဝေဖန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုကို လက်မခံနိုင်သလို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ဒုံးကျည်ကာကွယ်ရေး စနစ်တခု တည်ဆောက်ဖို့ တာစူနေတာကိုလည်း သဘောမတူ လက်မခံနိုင်ဘူးဆိုတဲ့ သဘောပါပဲ။ လောလောဆယ်မှာတော့ မြောက်ကိုရီးယားမှာ ကွမ်မြောင်ဆောင် ၃ - ၂ ဂြိုဟ်တုတလုံး ပတ်လမ်းထဲမှာ ရှိနေပြီလို့ ယုံကြည်ထားကြပေမယ့် အဲဒီဂြိုဟ်တု အလုပ်ဆက်လုပ်နေသေးလား ဆိုတာကတော့ သံသယဖြစ်စရာ ရှိနေပါတယ်။ အမေရိကန် အရာရှိတွေကတော့ တနင်္ဂနွေနေ့မှာ လွှတ်တင်ရာမှာ အသုံးပြုခဲ့တဲ့ ဒုံးပျံအမျိုးအစားဟာ အဏုမြူထိပ်ဖူးကို တင်ဆောင်နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ တကယ်တော့ တရုတ်၊ ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့ အားလုံးဟာ ဟိုတုန်းက ဂြိုဟ်တုလွှတ်တင်မှုတွေမှာ တိုက်ချင်းပစ်ဒုံးကျည် (ICBMs) တွေကို အသုံးပြုခဲ့ကြတာ ချည်းပါပဲ။ ၁၉၅၀ စုနှစ် စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက် ပြည်ထောင်စု နှစ်နိုင်ငံစလုံးက တိုက်ချင်းပစ် ဒုံးကျည်တွေကို ထိပ်ဖူးပစ်လွှတ်စနစ်တခု အဖြစ် အသုံးပြုခဲ့ကြသလို နှစ်နိုင်ငံစလုံးရဲ့ အာကာသ အစီအစဉ်တွေရဲ့ အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း အသုံးချခဲ့ကြပါတယ်။ မြောက်ကိုရီးယားက နောက်ဆုံးလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုအတွက် အသုံးပြုခဲ့တဲ့ ဒုံးပျံ ‘အန်ဟာ’ဟာ ခန့်မှန်းချေ မိုင်ပေါင်း ၅၆၀၀ ၀န်းကျင်အထိ ပစ်လွှတ်နိုင်တဲ့ တေပိုဒွန် တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည်စနစ်ပေါ်မှာ အခြေခံထားတာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီတာအရ သြစတြေးလျ၊ အနောက်ဥရောပနိုင်ငံတွေ အများစုနဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းရိုးတန်းအထိ မြောက်ကိုရီးယား လက်နက်ထိပ်ဖူးတွေ အလှမ်းမီတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဘက်စုံကျွမ်းကျင်သူတွေရဲ့ အဆိုကတော့ မြောက်ကိုရီးယားမှာ အဏုမြူထိပ်ဖူး အနည်းဆုံး တဒါဇင်လောက်ကနေ ၁၀၀ လောက်အထိ ပိုင်ဆိုင်ထားပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ တပ်ဆင်ပစ်ခတ်ဖို့ ခေတ်မီဆန်းပြားတဲ့ စက်ယန္တရားစနစ် မရှိသေးဘူးလို့လည်း ဆိုပါတယ်။ အခုနောက်ဆုံး တနင်္ဂနွေနေ့က ဒုံးပျံလွှတ်တင် စမ်းသပ်မှုအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ပိုပြီး ကြုံတွေ့ရတာကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ တကယ်တော့လည်း ကင်မ်ရဲ့ အာဏာရှင်အစိုးရ ပြိုလဲသွားရင် ဒုက္ခသည် အကျပ်အတည်းနဲ့ တွေ့လာမှာအတွက် တရုတ်နိုင်ငံက သတိထားတဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ စီးပွားရေး မရှူနိုင် မကယ်နိုင် ဖြစ်သွားအောင် လုပ်သလို ဖြစ်သွားစေနိုင်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လုပ်ဖို့ စိတ်လိုလက်ရမရှိ ဖြစ်နေတာပါ။ “အရေးယူ ဒဏ်ခတ်ဖို့ တကယ်ကို မရည်ရွယ်ပါဘူး” လို့ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ တရုတ်အစိုးရ ဆင်ဟွာသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀င်ယီအနေနဲ့ မဟာဗျူဟာ တည်ငြိမ်မှုအတွက် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်းဆွယ်ပြဿနာအတွက် အဖြေတခုရရှိဖို့ ကူညီဆောင်ရွက်ရာမှာ အပြုသဘော အခန်းကဏ္ဍက ဆက်လက်ပါဝင် ဆောင်ရွက်သွားမယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။ IHS Country Risk ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ အကြီးတန်း လေ့လာသုံးသပ်သူ အလစ်ဆန် အီဗင်စ်က ပြုံယမ်းက ဇန်န၀ါရီ ၆ ရက် အဏုမြူစမ်းသပ်မှုအပြီး အခု ဒုံးပျံပစ်လွှတ်မှုကို ခပ်မြန်မြန်လုပ်တာဟာ အဲဒ်ီစမ်းသပ်မှုအပေါ် နိုင်ငံတကာက တုံ့ပြန်အရေးယူ ဒဏ်ခတ်မှုသစ်တွေ ချမှတ်မလာခင်ဆိုရင် အခုဒုံးပျံလွှတ်တင်မှုနဲ့ စမ်းသပ်မှုအတွက် တနိုင်ငံချင်းရဲ့ တုံ့ပြန်လာတာကို ခံရတာထက်စာရင် ပြင်းထန်တဲ့ ဂယက်ရိုက်ခတ်သက်ရောက်မှု လျော့နည်းနိုင်တယ်လို့ တွက်ဆထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာက အရေးယူပိတ်ဆို့မှု လုပ်တာထက် ဘာမှ သိပ်များများစားစားလုပ်လို့ မရပါဘူးလို့လည်း သူက ပြောခဲ့ပါတယ်။ “မြောက်ကိုရီးယား အစိုးရအတွက် နိုင်ငံခြားငွေ အများကြီး ရှာပေးနေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ နိုင်ငံရပ်ခြား ပို့လွှတ်နေတာမျိုးလို ကိုင်တွယ်လို့မရတဲ့ တချို့ကဟာတွေလည်း ရှိနေတယ်ရှင့်” လို့ သူက ပြောပြခဲ့ပါတယ်။ သူက ဆက်ပြီး “တကယ်လို့ ကိုင်တွယ်လို့ရတာ တခုရှိတယ်ဆိုရင် အဲဒါက မြောက်ကိုရီးယားကို ၀က်အူကျပ်ပေးနိုင်တဲ့ တရုတ်နိုင်ငံက လက်ရှိ ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို တရုတ်ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုပဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် နိုင်ငံတကာရဲ့ အလားအလာရှိတဲ့ တုံ့ပြန်လာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတခုကိုတော့ တနင်္ဂနွေနေ့ အရှေ့တိုင်းစံတော်ချိန် မနက် ၁၁ နာရီ နယူးယောက်မြို့မှာ ကျင်းပသွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်စမ်းသပ်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီမတိုင်ခင်မှာလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီဒုံးပျံလွှတ်တင်မှုဟာ အကြီးအကျယ် မှားယွင်းဆိုးဝါးတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံတကာက ဒီလိုဆောင်ရွက်မှုမျိုးကို ဆန့်ကျင် တညီတညွတ်တည်း မေတ္တာရပ်ခံခဲ့တာတွေ လုပ်ခဲ့ပေမယ့် လုပ်ဆောင်ခဲ့တဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ “ဒါဟာ ဒီမိုကရက်တစ် သမ္မတ ကိုရီးယားနိုင်ငံက တလကျော်လောက်အတွင်း ဒုတိယအကြိမ် အဓိက ရန်စ ခြိမ်းခြောက်လာတာပါ။ ကိုရီးယားကျွန်းဆွယ်ကိုသာ မကဘဲ ဒေသတခုလုံးနဲ့ အမေရိကန်ပြည်ထောင်စုကိုလည်း ရန်စလိုက်တာပါပဲ” လို့ ပြောကြားလိုက်ပါတယ်။ အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟီးကတော့ ဒီဒုံးပျံပစ်လွှတ်မှုဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို စိန်ခေါ်လိုက်တာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်နေ့ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ပထမအကြိမ် မဟုတ်သလို ဒုတိယ၊ တတိယအကြိမ်လည်း မဟုတ်ပါဘူး။ အရင်ကတည်းက ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ကမ္ဘာကို အင်အားပြခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်ကျွန်းကို ကျော်ပစ်ပြခဲ့တဲ့ အချိန်တောင် ရှိခဲ့ပါတယ်။ ဒါတွေရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရရှိပြီး နိုင်ငံတွင်းက ပြည်သူလူထုတွေရဲ့ ဆင်းရဲကျပ်တည်းမှုတွေကို လျှော့ချသက်သာအောင် အကူအညီတွေကို ရယူချင်လို့ လုပ်ဆောင်နေတာဆိုရင်တော့ ပြဿနာ မရှိလှပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာ အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်၊ ပြည်သူတွေရဲ့ စီးပွားရေး နာလန်ထူလာဖို့ လူချင်းတူတူ သူချင်းမျှမျှ နေနိုင်အောင် လုပ်ပေးဖို့ မကြိုးစားဘဲ လက်နက်အမျိုးမျိုးထုတ်လုပ် နျူကလီးယာလက်နက်အထိ ထုတ်လုပ်ဖို့ ငွေလုံးငွေရင်း အကုန်ခံ ကြိုးစားပြီး ဒေသနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို စိုးရိမ်စရာဖြစ်လာအောင် လုပ်နေတာဆိုရင်တော့ ဒီလိုခေါင်းဆောင်မျိုးရဲ့ စိတ္တဗေဒ ပုံမှန်အခြေအနေတောင် ဟုတ်ရဲ့လားလို့ စဉ်းစားစရာရှိလာနေပြီလို့ ပြောရမှာပါပဲ။ အဲဒီလို ခေါင်းဆောင်မျိုးရဲ့ ဒီလိုအပြုအမူမျိုးကို ကုလသမဂ္ဂ အပါအ၀င် ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက သတိနဲ့ ကာကွယ်တုံ့ပြန်ဖို့ လိုပါလိမ့်မယ်။ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်ဖို့ လိုအပ်သလို တပြိုင်နက်တည်းမှာ လိုအပ်တဲ့ သတိပေးမှုတွေနဲ့ တိကျ ပြတ်သားတဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့လည်း လိုအပ်ပါလိမ့်မယ်လို့ ယူဆပါတယ်။      ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024