မက္ကဆီကို ပြည်သူများအတွက် စစ်မှန်သည့် တရားမျှတမှု ဆောင်ကြဉ်းပေးရန် ပုပ်ရဟန်းမင်း တိုက်တွန်း

ဓာတ်ပုံ - CNS/Paul Haring
မူးယစ်ဆေးဝါး အကြမ်းဖက်မှုဒဏ်တွေ ဆိုးဆိုးဝါးဝါး ခံစားနေကြရတဲ့ မက္ကဆီကို ပြည်သူတွေအတွက် စစ်မှန်တဲ့ တရားမျှတမှုကို ဆောင်ကြဉ်းပေးဖို့ မက္ကဆီကို ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ၅ ရက်ကြာ မက္ကဆီကိုနိုင်ငံ ခရီးစဉ် ပထမဆုံးနေ့မှာ အခုလို တိုက်တွန်းတောင်းဆိုလိုက်ပြီး မက္ကဆီကို လူ့အဖွဲ့အစည်းဟာလည်း မူးယစ်ဆေးဝါး တရားမ၀င် လုပ်ငန်းတွေကြောင့် ထိခိုက်ပျက်စီးနေရပြီလို့ ပြောပါတယ်။ မက္ကဆီကိုနိုင်ငံ ကက်သလစ်ဘုရားကျောင်းဟာလည်း ဒီမက္ကဆီကို မူးယစ်ဆေးဝါး ပြဿနာကို ပြစ်တင်ရှုတ်ချနေရုံနဲ့ မလုံလောက်ဘဲ ဒီထက်မက ထိထိရောက်ရောက် တားဆီးသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။ ပုပ်ရဟန်းမင်းဟာ မက္ကဆီကိုနိုင်ငံကို မလာရောက်ခင် ကျူးဘားနိုင်ငံမှာ ရုရှား အော့သို့ဒေါ့ (Orthodox) ခရစ်ယာန်သာသနာဂိုဏ်းချုပ်နဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ပြီး ခရစ်ယာန်သာသနာ ညီညွတ်ရေး သာသာနာဥသျှောင် နှစ်ဦးက တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။ ကက်သလစ်ခရစ်ယာန်နဲ့ အော့သို့ဒေါ့ ခရစ်ယာန်သာသနာတို့ နှစ်ပေါင်း ၁၀၀၀ ကျော် ခွဲခွာခဲ့ကြပြီး ဒါဟာ ပထမဆုံး ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ မက္ကဆီကို မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး မက္ကဆီကို ကက်သလစ်ဘုရားကျောင်းက ထိထိရောက်ရောက် ဟန့်တားအရေးယူခြင်း မရှိတဲ့အပေါ် ပုပ်ရဟန်းမင်းရဲ့ ထောက်ပြပြောဆိုခဲ့တာကို မက္ကဆီကို ကက်သလစ် သာသနာပိုင်တွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု မပြခဲ့ပေမယ့် မက္ကဆီကို သမ္မတကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းမှုဟာ မက္ကဆီကို ပြည်သူတွေရဲ့ အရေးပါပဲလို့ ပြောဆိုခဲ့ပါတယ်။

More News
Up