သောက်သုံးရေ ပြတ်လပ်ပါက ဆက်သွယ်ရမည့်သူများစာရင်း ထုတ်ပြန်
DVB
·
February 14, 2016
သောက်သုံးရေပြတ်လပ်ရင် ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်များကို သက်ဆိုင်ရာက ထုတ်ပြန်လိုက်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲ့ဒီဌာနရဲ့ ပြည်နယ်တိုင်းအသီးသီးရှိ ညွှန်ကြားရေးမှူးအမည်နဲ့ ဖုန်းနံပတ်တွေပါ တပါတည်း ဖော်ပြထားပါတယ်။
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် ဒီနှစ် နွေရာသီမှာ ရေအခက်အခဲ တွေ့ကြုံနိုင်ကြောင်း မိုးလေ၀သဌာနနဲ့ မိုးလေ၀သပညာရှင်တို့က ကြိုတင်သတိပေးထားပြီးတဲ့နောက် အခု အသိပေးကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ မြန်မာစိုက်ပျိုးရေးဌာနက သောက်သုံးရေ ခြိုးခြံချွေတာကြဖို့ သတိပေးထားပါသေးတယ်။
လတ်တလောမှာကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာ သောက်သုံးရေပြတ်လပ်မှု အခက်အခဲနဲ့ စတင် ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။
အခု ကျေးလက်ဌာနက ရေအခက်အခဲရှိရင် ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ အသိပေးဖော်ပြထားပေမယ့် ဘယ်ပုံဘယ်နည်း ဖြေရှင်းပေးမယ်ဆိုတာတော့ ဖော်ပြ မထားပါဘူး။