ကိုလံဗီယာ နိုင်ငံမှာ ကိုယ်ဝန်ဆောင် ၅ ထောင်ကျော်ဟာ ခြင်ကနေ တဆင့် ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံထားရတယ်လို့ ကျန်းမာရေးဌာနက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။
ကူးစက်ခံရသူ ၃၁၅၅၀ ကျော်ထဲမှာ ကိုယ်ဝန်ဆောင် ၅၀၁၃ ယောက် ပါဝင်နေတာပါ။ ကိုယ်ဝန်ဆောင်တွေ ကူးစက်ခံရရင် ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေကို မွေးဖွားလေ့ ရှိပါတယ်။
ဇီကာ ဗိုင်းရပ်စ်ဟာ လောလောဆယ်မှာ နိုင်ငံပေါင်း ၃၀ ကျော်မှာ ပျံ့နှံ့နေပြီး ကျန်ခဲ့တဲ့ တပတ်အတွင်းမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်တဲ့ အရေအတွက်ဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှာ ကိုယ်ဝန်ဆောင်တွေက တ၀က်ကျော် ပါဝင်နေပါတယ်။
ဒါပေမယ့် ဇီကာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မသိရှိရသေးတဲ့ အချက်တွေ အမြောက်အမြား ရှိနေပါတယ်။
ဘရာဇီးမှာ ဦးနှောက် ဖွံ့ဖြိုးမှု အားနည်းတဲ့ ကလေးငယ် ထောင်ချီ မွေးဖွားတဲ့ကိစ္စကို သုတေသီတွေက လေ့လာနေဆဲဖြစ်ပြီး ဇီကာ ဗိုင်းရပ်စ်နဲ့ ဆက်နွှယ်နေတဲ့ ခိုင်လုံတဲ့ အချက်အလက်တချို့ကို တွေ့ရှိထားပြီဖြစ်ပါတယ်။
ဒါပေမ့ယ် အခုအထိတော့ ကိုလံဗီယာမှာတော့ ဘရာဇီးမှာလိုမျိုး ခိုင်မာတဲ့ အထောက်အထား အဆက်အစပ်ကို မတွေ့ရသေးဘူးလို့ အစိုးရက ပြောပါတယ်။
ဇီကာ ဗိုင်းရပ်အတွက် ကာကွယ်ဆေး မပေါ်သေးပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရရင် ကိုယ်အပူချိန်မြင့်တာ၊ အဖုအဖိန်း ထွက်တာ၊ မျက်လုံးနီရဲတာ စတဲ့ ရောဂါ လက္ခဏာတွေကို တွေ့ရလေ့ ရှိပါတယ်။
ဒါပေမ့ယ် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းကတော့ ဘယ်လို ရောဂါလက္ခဏာမှ မခံစားရဘူးလို့ သိရပါတယ်။
ကမ္ဘာကျန်းမာရေးအဖွဲ့က ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ၄ သန်းလောက်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ကိုလံဗီယာမှာ ကူးစက်ခံရသူ ၆ သိန်းလောက်အထိ တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။