Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲအကြား ပြည်သူများထိခိုက်စေသည့်အပေါ် ယူအန်အေ ကန့်ကွက်
နန်းမြနဒီ
·
February 12, 2016
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး အပြစ်မဲ့ ရွာသားတွေ ဖမ်းဆီးခံရတာ၊ လူမဆန်စွာ ခေါင်းဖြတ် သတ်ခံနေရတာ၊ ပညာရေး ၀န်ထမ်းအပါအ၀င် ဒေသခံရွာသားတွေ ထောင်နဲ့ချီ အိုးပစ်အိမ်ပစ်ထွက်ပြေးစေတဲ့လုပ်ရပ်အပေါ် ယူအန်အေ (စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့)က ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ယူအန်အေအဖွဲ့ဝင် တိုင်းရင်းသား ၇ ပါတီက အခုလို သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်ထဲမှာ ရွာသားတွေ အဖမ်းခံရပြီး လူမဆန်စွာ အသတ်ခံရတာ၊ ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသားတွေလည်း စာသင်ကျောင်းကိုစွန့်ပြီး ထွက်ပြေးနေရတဲ့အကြောင်း လက်ခံသိရှိထားတဲ့အတွက် ယူအန်အေအနေနဲ့ ဒီလုပ်ရပ်ပေါ် ရှုတ်ချပြီး တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းကြောင်း ယူအန်အေအဖွဲ့ဝင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လက်ခံရရှိထားတဲ့ အချက်အလက်တွေကတော့ ဖေဖော်ဝါရီလ ၇ ရက်မှာ  ရွာသားတွေ အဖမ်းခံရပြီး ၃ ယောက်အသတ်ခံရတယ်။ ၂ ယောက်က ခေါင်းဖြတ်ပြီး ရွာအ၀င်အထွက်မှာ တုတ်နဲ့ထိုးပြီးပြထားတယ်။ တီအန်အယ်လ်အေက လုပ်တာလို့လည်း ပြောတယ်။ ဒါ့အပြင် ဆရာဆရာမနဲ့ ကျောင်းသားတွေလည်း မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲမြို့ ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားရတယ်။ ရွာသားတွေလည်း ရာချီထွက်ပြေးရတယ်။ ဒီလိုကြား သိရတဲ့အတွက် အလွန်ဘဲစိတ်မကောင်းဖြစ်ရသလို အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချတယ်။ ရှမ်းပြည်တပ်မတော်ကိုရော တအာင်း တပ်မတော်ကိုရော နှစ်ဘက်စလုံး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ပြဿ နာကို ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်။” လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့ ပြဿ     နာ အရင်းခံဟာ နိုင်ငံရေးပြဿ     နာကြောင့်လို့ မြင်ကြောင်း၊  နိုင်ငံရေးကို စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာနဲ့ မဆွေးနွေးနိုင်ကြတဲ့အတွက် အခုလို တိုက်ပွဲတွေ ဖြစ်နေရတာလို့ ဦးစိုင်းလိတ်က ပြောပါတယ်။ လာမယ့်အစိုးရသစ်ကို ဦးဆောင်မယ့်သူတွေအနေနဲ့ တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူ ညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးကို အလေးအနက် ပြုပြီး မျှတတဲ့၊ သဟဇာတဖြစ်တဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့အစိုးရတရပ်ကို ဖွဲ့စည်းသွားဖို့လည်း ယူအန်အေက တိုက်တွန်းထားပါတယ်။ စည်းလုံးညီ ညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ (ယူအန်အေ) ထဲမှာပါဝင်တဲ့ ပါတီပေါင်း ၇ ပါတီက ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြပြီး ပြည်ထောင်စုနေ့ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ ယူအန်အေထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ကရက်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၊ ကချင်ပြည်နယ်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်၊ ကရင်ပြည်နယ် အမျိုးသားများ ဒီမိုကရေစီကွန်ကရက်နဲ့ ကယားပြည်နယ်လူမျိုးပေါင်းစုံ ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့  အဖွဲ့တွေနဲ့ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024