ပျောက်ဆုံးနေသည့် လေဘေးသင့် မိသားစုဝင်များကို အဖွဲ့ချုပ် ထောက်ပံ့
နော်နိုရင်း
·
August 1, 2011
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ကျရောက်တဲ့ မိုးသက်လေပြင်းကြောင့် ဖောင် ပျက်၊ စက်လှေတွေ ပျက်ပြီး ပင်လယ်ထဲ မျောပါခဲ့ရလို့ ခုချိန်ထိ ပျောက်ဆုံးနေတဲ့ ဧရာဝတီတိုင်း အတွင်းက ရေလုပ်သားတွေရဲ့ မိသားစုဝင်တွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သွားရောက်ကူညီနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်၊ ဦးကြည်ဝင်း၊ ဦးအောင်မြင့် (ခေါ်) ဖျာပုံနီလုံးဦးတို့ အဖွဲ့နဲ့ ဧရာဝတီတိုင်း စည်းကော်မတီဝင် ဘိုကလေးမြို့နယ် ဥက္ကဋ္ဌ ဦးအောင်ခင်ဘိုတို့ သွားရောက်ပြီး ဒေးဒရဲနဲ့ ဖျာပုံမြို့နယ်က လေဘေးကြောင့် သေဆုံး ပျောက်ဆုံးနေတဲ့ ရေလုပ်သား မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံ ကူညီတာ ဖြစ်ပါတယ်။
ဒီနေ့မှာ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က သေဆုံးပျောက်ဆုံးနေတဲ့ ရေလုပ်သား ၁၆ ဦးရဲ့ မိသားစုကို တွေ့ဆုံကူညီပြီး ဖျာပုံမြို့နယ်မှာတော့ ရေလုပ်သား ၅၀ ဦးရဲ့ မိသားစုဝင်ကို ကူညီတာလို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“မတ်လတုန်းက ဧရာဝတီတိုင်းမှာ ငါးဖမ်းနေရင်းနဲ့ ရုတ်တရက် မုန်တိုင်းကျပြီးတော့ ရေလုပ်သား တသောင်းလောက် ပါသွားတဲ့ အထဲမှာ ကိုးထောင်လောက်ကတော့ ကံကောင်း ထောက်မစွာ ပြန်ရောက်ပြီး တထောင်လောက်က ခုချိန်ထိ သေဆုံး ပျောက်ဆုံးနေပါတယ်။ အခုတော့ သေဆုံးကြောင်း သေချာပါပြီ။ သေဆုံး ပျောက်ဆုံး ဖြစ်သွားတဲ့ ရေလုပ်သားတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ကျနော်တို့ အဖွဲ့ချုပ်က တတ်နိုင်သလောက် ရှာဖွေပြီးတော့ ကူညီမှုတွေ ပေးနေပါတယ်။”
အကူအညီရရှိတဲ့ ဖျာပုံမြို့နယ်က အမျိုးသမီးတဦးကလည်း သူကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ကူညီမှု ရရှိတဲ့အတွက် သူ့ကို တဖက်ကနေ ကူညီရာ ရောက်တယ်လို့ ပြောပါတယ်။
“နည်းတယ် များတယ် မဟုတ်ဘူးပေါ့။ စေတနာရှိစွာနဲ့ ပေးတယ် ဆိုတော့လည်း ကျေးဇူးတင်ပါတယ်။ ကျမယောက်ျား ပါသွားတဲ့ အခါကျတော့ တော်တော်လေး စားဝတ်နေရေး အတွက် ဒုက္ခရောက်ပါတယ်။ ကလေးကတော့ တယောက်တည်း ရှိတာပါ။ အဖေနဲ့ အဘွားနဲ့ဆိုတော့ မိသားစု ၅ ယောက်ရှိတယ်။ ကျမကလည်း ယောက်ျား မဆုံးခင် ၃ လလောက်ကမှ ဗိုက်က ခွဲထားတာ ဆိုတော့လေ...။ ပိုက်ဆံလွှဲခါနီး ယောက်ျားက မျောပါသွားတယ်ဆိုတော့ အရမ်းဒုက္ခ အခက်အခဲတွေ ရှိပါတယ်။ အကြွေးတွေနဲ့ စားဝတ်နေရေးအတွက် အရမ်းကို ဒုက္ခရောက်ပါတယ်။ နယ်ကျော် ဖြစ်နေလို့ ဆိုပြီး ဘာအကူအညီမှ မရဘူး။ ဥက္ကဋ္ဌကတော့ အရေးအကြောင်း အကူအညီရှိရင် ပြောလို့တော့ ပြောပါတယ်။”
ပျောက်ဆုံးနေတဲ့ သူ့အမျိုးသားအတွက် လုပ်ငန်းရှင်က လျော်ကြေး တသိန်းပေးတယ်လို့ ပြောပါတယ်။
အဖွဲ့ချုပ်အနေနဲ့ လာမယ့်ရက်ပိုင်း အတွင်းမှာလည်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာဘက်မှာ သွားရောက်ကူညီ ထောက်ပံ့မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။