မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အစိုးရချင်း တိုက်ရိုက်ဆက်သွယ်တဲ့ တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်မယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ဖက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးဇုန်ကို တောင်ကိုရီးယားနိုင်ငံဘက်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံဘက်က အခုလိုကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့လက မြောက်ကိုရီးယားနိုင်ငံရဲ့ ၄ ကြိမ်မြောက် နျူကလီးယားဗုံးစမ်းသပ်ဖောက်ခွဲမှု၊ အခုတပတ် တနင်္ဂနွေနေ့ကလည်း တာဝေးပစ် ဒုံးကျည်တစင်း ပိတ်ပင်ထားတဲ့ကြား လွှတ်တင်ခဲ့မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေးတင်းမာခဲ့တာပါ။
နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားနိုင်ငံဘက်မှာ ဖွင့်လှစ်ထားတဲ့ စီးပွားရေးဇုန်ဟာ မြောက်ကိုရီးယားနိုင်ငံအတွက် အဓိက၀င်ငွေ ရပေါက်ရလမ်းတခုဖြစ်ပြီး စီးပွားရေးဇုန်ကို ရုပ်သိမ်းလိုက်တာဟာ မြောက်ကိုရီးယားနိုင်ငံကို စစ်ကြေညာတာလို့ မြောက်ကိုရီးယားနိုင်ငံကပြောဆိုတာပါ။
တောင်ကိုရီးယားနိုင်ငံကတော့ ဒီစီးပွားရေးဇုန်က ရရှိတဲ့ငွေနဲ့ နျူးကလီးယားနဲ့ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ထုတ်လုပ်တယ်လို့ စွပ်စွဲတာပါ။
အခုလို နှစ်နိုင်ငံအစိုးရ တယ်လီဖုန်းလိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တခေါက် ဖြတ်တောက်ခဲ့ပေမယ့် ဆက်ဆံရေးပြန်ကောင်းလာတဲ့အချိန်မှာ ပြန်ဖွင့်ခဲ့ပါတယ်။
ဒီအစိုးရဖုန်းလိုင်းတွေဟာ စစ်မက်ဖြစ်ပွားလာတဲ့အခါ ရှောင်ရှားဖို့ဖြစ်ပြီး စစ်တပ်ချင်း ဆက်သွယ်တဲ့ဖုန်းလိုင်း၊ စစ်မဲ့ဇုန်က ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တလိုင်းနဲ့ နောက်တလိုင်းကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ လိုင်းတွေဖြစ်ပါတယ်။