Live
Home
မြန်မာသတင်း
ရှမ်းနှင့်ပလောင်တိုက်ပွဲ ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရန် ယူအန်အက်ဖ်စီတိုက်တွန်း
နန်းမြနဒီ
·
February 12, 2016
ရှမ်းပြည်နယ်အတွင်း တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအကြား တိုက်ပွဲတွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)က တိုက်တွန်းပါတယ်။ ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က “တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကျနော်တို့အင်မတန်စိုးရိမ်ပါတယ်။ အခုလိုအချိန်မှာ ကျနော်တို့ ညီညွတ်ရေးကို ထိပါးစေမယ့်ဘယ်လို အဆင်မပြေမှုမျိုးကိုမဆိုရှောင်ရှားနိုင်တာက အကောင်းဆုံးလို့ ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်း နှစ်ဘက်စလုံးက ခေါင်းဆောင်တွေနဲ့ တွေ့နိုင်အောင်ကြိုးစားနေပါတယ်။ ကြိုးစားခဲ့တာလည်း တစ်လကျော်ခဲ့ပြီ၊ တခါတော့လည်း အာရ်စီအက်စ်အက်စ်က ခေါင်းဆောင်တွေနဲ့ တွေ့ပြီးပြီ။ တီအဲန်အယ်လ်အေဘက်က မအားလပ်တော့ ဒီကနေ့ထိ ကျနော်တို့ မတွေ့နိုင်သေးဘူး” လက်ရှိအချိန်မှာ နှစ်ဘက်ဆုံနိုင်မယ့် အချိန်ကိုဘဲ ညှိယူရမှာဖြစ်ကြောင်း၊ အကောင်းဆုံး အဖြေထွက်ဖို့ကတော့ ပြဿ     နာအရင်းအမြစ်ကို သိရမှပြောနိုင်မှာဖြစ်ပြီး လောလောဆယ် တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရသေးတဲ့အတွက် ဘာဖြစ်မလဲဆိုတာ ပြောလို့ မရဘူးလို့ ဆိုပါတယ်။ တီအန်အယ်လ်အေ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်လှကတော့ ပြဿ နာကို လက်နက်ကိုင်တဲ့နည်းနဲ့  ဖြေရှင်းလို့မရဘူးဆိုတာယုံကြည်ပေမယ့် တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် သွားရောက်တွေ့ဆုံဆွေးနွေးဖို့ အခက်အခဲ အကန့်အသက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ “ဒီလိုတိုက်ပွဲတွေ ရှေ့ဆက်ဖြစ်နေရင် မကောင်းဘူးဆိုတာ ကျနော်တို့လည်း နားလည် ပါတယ်။ လက်နက်ကိုင်ပဋိပက္ခကို လက်နက်ကိုင်ပြီးတော့ ဖြေရှင်းရင် ပြဿ     နာပြေလည် လိမ့်မယ် လို့တော့ ကျနော်တို့လည်း မယုံကြည်ပါဘူး။ တွေ့ဆုံဆွေးနွေးပြီးမှဘဲ ဒီပြဿ နာကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စကို ယူအန်အက်ဖ်စီအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ယူအန်အက်ဖ်စီ အစည်းအဝေးမှာ ကျနော်ကိုယ်တိုင်တင်ပြခဲ့တယ်။ ကျနော်တို့နဲ့ မဟာမိတ် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ ကိုလည်း ကြားဝင်ညှိနှိုင်းပေးဖို့  ဇန်န၀ါရီလတုန်းက စာနဲ့ရော နှုတ်နဲ့ပါ မေတ္တာရပ်ခံထားတာ ရှိတယ်။ တွေ့ဖို့က ကျနော်တို့ မအားလပ်ဘူးဆိုတာထက် ခုလိုတိုက်ပွဲဖြစ်နေတဲ့အချိန် ချက်ချင်း လက်ငင်းတွေ့ဆုံလို့မဖြစ်လို့ပါ။” တွေ့ဆုံဆွေးနွေးဖြေရှင်းရေးနဲ့ ပတ်သက်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းဘက်ကတော့ အမြဲတမ်း အသင့်ရှိတယ်လို့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “ဒီကိစ္စကို  ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ယူအန်အက်ဖ်စီနဲ့ ကျနော်တို့ တွေ့ဆုံတုန်းကလည်း စစ်ဦးစီးချုပ် စ၀်ရွက်ဆစ်ကပြောခဲ့ပါတယ်။ နယ်မြေထဲမှာရှိတဲ့ နှစ်ဘက် တပ်မှူးတွေ အချင်းချင်း ညှိနှိုင်းဖြေရှင်းဖို့ပေါ့။  ဒါပေမယ့် အဲဒါလည်းဖြစ်မလာဘူး။  ကျနော်တို့က ပလောင် အုပ်ချုပ်ခွင့်ရဒေသကို သွားတိုက်နေတာလည်း မဟုတ်ဘူးလေ။ ကိုယ့်နေရာကိုယ်ပြန်တယ်၊ လာမယ်လို့ ကြိုအသိပေးလျှက်နဲ့ လမ်းမှာအတိုက်ခံရတယ်၊ လူတွေကိုဖမ်းတယ်။ သူတို့က မပစ်ဘူးဆိုရင် ပြီးပြီ၊ တိုက်ပွဲမဖြစ်ဘူး။  ကျနော်တို့က သူတို့ကို ရန်သူလို့မသတ်မှတ်ဘူး။  တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကျနော်တို့လည်း လိုလားပါတယ်။” တီအန်အယ်လ်အေကတော့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ သူတို့ လှုပ်ရှားတဲ့ နယ်မြေထဲ ၀င်ရောက်လာလို့ တိုက်ပွဲဖြစ်ရတာလို့ ထုတ်ပြန်ထားသလို ရှမ်းပြည်တပ်မတော် တောင်ပိုင်းကလည်း မူဆယ်၊ နမ့်ခမ်း၊ မိုင်းဝီးစတဲ့ဒေသမှာ  သူတို့ ၂၀၀၆ ခုနှစ် ကတည်းက အရင်ခြေချခဲ့တဲ့ နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ယူအန်အက်ဖ်စီအဖွဲ့ဝင် တီအန်အယ်လ်အေတို့အကြား ၂၀၁၅ ခု နိုဝင်ဘာ ၂၇ ရက် ကစထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။ ခုရက်ပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မိုင်းဝီးဒေသနဲ့ ကျောက်မဲမြို့ နယ်ဘက် မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၂ လကျော် ကာလအတွင်း ရွာသားတွေ ဖမ်းဆီးခံရတာ၊ လူငယ်တွေ တပ်သားသစ်စုဆောင်းခံရတာ၊ ရွာထဲကို လက်နက်ကြီးကျ မီးလောင်တာတွေ ဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ရွာသားတွေလည်း စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024