Sunday, May 28, 2023
HomeLead Storyပျိုရွယ်သည့်ဂုဏ်ထိန်းသိမ်းရန် ချစ်သူများနေ့မတိုင်မီ ကမ္ဘောဒီးယားသတိပေး

ပျိုရွယ်သည့်ဂုဏ်ထိန်းသိမ်းရန် ချစ်သူများနေ့မတိုင်မီ ကမ္ဘောဒီးယားသတိပေး

ကမ္ဘောဒီးယားအစိုးရက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာကျရောက်မယ့် Valentine’s Day (ချစ်သူများနေ့) မှာ “မိမိတို့ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုတွေရဲ့ ဂုဏ်သိက္ခာ” မညစ်နွမ်းစေဖို့ သတိပေးချက်တရပ်ကို နိုင်ငံတ၀န်းက ကျောင်းတွေကို ပေးပို့ခဲ့တယ်လို့ ဒီနေ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

“ချစ်သူများနေ့မှာ မသင့်တင့်မလျောက်ပတ်တဲ့ အပြုအမူတွေကို တားမြစ်ရေး ဆောင်ရွက်ရန်” ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာနက အစိုးရကျောင်းနဲ့ပုဂ္ဂလိက ကျောင်းတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က အမိန့်ထုတ်ညွှန်ကြားခဲ့ပါတယ်။

“ဒါဟာ ကျနော်တို့ ခမာပြည်သူတွေရဲ့ ဓလေ့ထုံးတမ်းတခုမဟုတ်ပါဘူး” လို့ ကြေညာချက်က ဆိုပါတယ်။

11144995အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လူငယ်တွေအကြား လူကြိုက်များလာတဲ့ ချစ်သူများနေ့ ပြယုဂ်ဖြစ်တဲ့ နှင်းဆီနီတွေနဲ့ အသည်းနှလုံးပုံ ချောကလက်တွေဟာ လမ်းဘေးဝဲယာ ဈေးဆိုင်တန်းတွေမှာ ဖေဖော်ဝါရီလမှာ မြင်တွေ့နေရပါတယ်။

ကမ္ဘောဒီးယားနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မတိုင်မီမှာ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ လိင်ဆက်ဆံမှုနဲ့ပတ်သက်လို့ သတိပေးတားမြစ်ချက်တွေကို မကြာသေးမီနှစ်ပိုင်းတွေက ထုတ်ပြန်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားမှာ ရှေးရိုးစွဲသူတွေက ချစ်သူများနေ့ဟာ နိုင်ငံခြားက တင်သွင်းကုန်တခုဖြစ်ပြီး ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို စိမ်ခေါ်နေတယ်လို့ရှုမြင်ကြပါတယ်။

ကမ္ဘောဒီးယားအမျိုးသမီးတွေဟာ လက်ထပ်ထိမ်းမြားတဲ့ ကာလအထိ အပျိုစင်ဘ၀ကို ထိန်းသိမ်းရမယ်ဆိုတဲ့ ဓလေ့ထုံးတမ်း စံနှုန်းသတ်မှတ်ချက်တွေ ရှိနေပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ မိန်းကလေးငယ်တွေရဲ့အပျိုစင်ဘ၀ကို ချမ်းသာသူတွေကို ရောင်းစားတဲ့ အမူအကျင့်တွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရပါတယ်။

မနှစ်တုန်းက ထိုင်းအရာရှိတွေကလည်း ချစ်သူများနေ့မှာ သတိပေးချက်တွေ လုပ်ခဲ့ကြပြီး လူငယ်လူရွယ်တွေအဖို့ အဲဒီနေ့မှာ လိင်ဆက်ဆံမှုအစား စားကောင်းသောက်ဖွယ်တွေ သုံးဆောင်တာ၊ ဘုရားကျောင်းကန်တွေကို သွားရောက်ကြခြင်းဖြင့် အစားထိုးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂထုတ်ပြန်ချက်တွေအရ ထိုင်းဆယ်ကျော်သက် ကလေးမွေးနှုန်းဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကာလအတွင်း လူ ၁ ထောင်မှာ ၄၇ ဦးရှိပါတယ်။ ဒီအရေအတွက်ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ မတိမ်းမယိမ်းရှိပြီး မလေးရှားနိုင်ငံက လူတယောက်မှာ ၁၄ ဦးသာ ကလေးမွေးနှုန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ မြင့်တက်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular