အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့

အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက မြောက်ကိုရီယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်မှုအဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံတိုးချဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်ချမယ်လို့ တုံ့ပြန် ခြိမ်းခြောက်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဆီးနိတ်အထက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဥပဒေကြမ်းတခုကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြမ်းထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးမှုဖြစ်စဉ်နဲ့ တခြား အဖျက်စွမ်းအားကြိုးပမ်းချက်တွေကို ဆန့်ကျင်မှုအဖြစ် တင်းကျပ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပါဝင်တယ်လို့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြပါတယ်။ ဒဏ်ခတ်မှုတင်းကျပ်တာဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပရိုဂရမ်၊ လက်နက်ဆက်စပ်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆိုင်ဘာလုံခြုံရေးနဲ့ သတ္တု သို့ ကျောက်မီးသွေး သို့မဟုတ် သတ္တုအသုံးပြုတဲ့ မည်သည့်လှုပ်ရှားမှုအတွက် ပတ်သက်သူကိုမဆို ပိတ်ဆို့ဖို့ဖြစ်ပါတယ်။ ဂျပန်က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တခုကို ချမှတ်ဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာပါတယ်။ မြောက်ကိုရီးယားက ရော့ကက်စမ်းသပ်ပစ်လွှတ်ခဲ့မှုအပေါ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေမှာ နှစ်နိုင်ငံကြား ခရီးသွားလာမှု တားမြစ်တာကို သက်တမ်းတိုးမြှင့်တာ၊ မြောက်ကိုရီးယားသင်္ဘောတွေ ဂျပန်သင်္ဘောဆိပ်တွေမှာ လုံးဝရပ်နားခွင့်မပြုဖို့တွေ ပါဝင်တယ်လို့ ကက်ဘိနက်အတွင်းရေးမှူး Yoshihide Suga က ရှင်းလင်းပါတယ်။ “နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ရပ်နားဖို့ ကျနော်တို့ ထပ်တလဲလဲ မေတ္တာရပ်ခံတဲ့အကြားက ဆောင်ရွက်ခဲ့တယ်။ ဒါဟာ ဂျပန်အပေါ် တိုက်ရိုက်သက်ရောက်စေသလို ကျနော်တို့အဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ပြသဖို့လိုတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်နဲ့ချီပြီး မြောက်ကိုရီးယားက ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသားတွေကိစ္စကိုတော့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သူက ပြောပါတယ်။ ဒီဆိပ်ကမ်းပိတ်ဆို့မှုဟာ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြားသင်္ဘောတွေ ဂျပန်ကို ၀င်ရောက်ဆိုက်ကပ်ခွင့်ပိတ်မှု၊၊ မြောက်ကိုရီးယားကို သွားလည်တဲ့ နျူကလီးယားနဲ့ဒုံးကျည်ကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေကိုပါ ဂျပန်ဝင်ခွင့်ပိတ်ပင်မှာဖြစ်ပါတယ်။ ငွေလွှဲပြောင်းမှုမှာလည်း လူသားချင်းစာနာမှုအရ ဒေါ်လာ ၈၈၀ ထက်မပိုတဲ့ ငွေလွှဲမှုကိုသာ ခွင့်ပြုတော့မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က မြေပြင်ကနေ အာကာသတွင်းကို ဂြိုဟ်တုတလုံး အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပါတယ်။ Kwangmyongsong 4 အမည်ရှိဂြိုဟ်တုကို ဆိုဟဲ့အာကာသစင်တာကနေ မြောက်ကိုရီးယားစံတော်ချိန် ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီက လွှတ်တင်ခဲ့ပြီး ၉ မိနစ်နဲ့ ၄၆ စက္ကန့်အကြာမှာ ဂြိုဟ်ပတ်လမ်းကြောင်းကို ၀င်ရောက်တယ်၊ ဒီအစီအစဉ်ကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပို င်သတင်းအေဂျင်စီ KCNG က ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့တလခန့်တုန်းက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်ခဲ့စဉ်ကလည်း မြောက်ကိုရီးယားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို သိသိသာသာခြိမ်းခြောက်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ပြစ်တင်ခဲ့ကြပါတယ်။ ဂြိုဟ်တုစမ်းသပ်လွှတ်တင်မှုအပြီးမှာ တောင်ကိုရီးယားနိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ စက်မှုဇုန်တခုကို လုံးဝရပ်နားထားမယ့်အစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ အဆုံးသတ်သွားစေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် ဒုံးပျံကာကွယ်ရေးစနစ် (Lockheed Martin's Terminal High Altitude Area Defense (THAAD) missile defense system) ကို ဖြန့်ချမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ မြောက်ကိုရီယားရဲ့ဆောင်ရွက်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်မှုဆိုင်ရာ ဆွေးနွေးမှုကို စတင်ခဲ့တယ်လို့ ပင်တာဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးဌာန ပြောခွင့်ရသူ ပီတာကွတ်ခ်က သတင်းစာရှင်းလင်းရာမှာ ဒုံးပျံကာကွယ်ရေးစနစ်ဖြန့်ကျက်မှု အစောဆုံးဖြစ်နိုင်မယ့်ရက်ကို နှစ်ဘက်ဆွေးနွေးကြတာလို့ ရှင်းလင်းခဲ့ပါတယ်။ ဒီအစီအစဉ်အပေါ် ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှု မီးပွားဖြစ်လာနိုင်မှာကို စိုးရိမ်ပူပန်မှု ထုတ်ပြောကြပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက “အမေရိကန်ရဲ့ ကမ္ဘာလွှမ်းခြုံ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ချမယ့်အစီအစဉ်ဟာ နိုင်ငံတကာလုံခြုံရေးနဲ့ မဟာဗျူဟာတည်ငြိမ်မှုအပေါ် အပျက်သဘော သက်ရောက်မယ့်ခြေလှမ်းသာဖြစ်တယ်” လို့ မနေ့က ပြောပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန် ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်မယ့်အစီအစဉ်အပေါ် အလွန်အမင်းစိုးရိမ်ပူပန်မှုပြခဲ့ပြီး ဒီအစီအစဉ်ဟာ အနောက်မြောက်အာရှဒေသရဲ့ ထိလွယ်ရှလွယ်အခြေအနေကို ဆိုးဝါးသွားစေနိုင်တယ်လို့ ပြောပါတယ်။ “ဒုံးပျံဆန့်ကျင်မှု ကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ရှင်းရှင်းလင်းလင်း တသမတ်တည်းမူဝါဒကို ကိုင်စွဲထားပါတယ်။ နိုင်ငံတခုဟာ ကိုယ့်လုံခြုံရေးအတွက် တခြားနိုင်ငံတွေရဲ့ လုံခြုံရေးအကျိုးကို မထိပါးသင့်ဘူး” လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒီဂြိုဟ်တုကို သိပ္ပံနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်နဲ့ လွှတ်တင်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ဂြိုဟ်တုတွေ ထပ်မံလွှတ်တင်မယ့်အစီအစဉ်ရှိကြောင်း ပြောကြားခဲ့တယ်လို့ စီအန်အန်သတင်းဌာနအရ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပထမဆုံးဟိုက်ဒြိုဂျင်ဗုံးကို အောင်အောင်မြင်မြင်စမ်းသပ်ခဲ့တယ်လို့ ဒီနှစ်ဇန်န၀ါရီ ၆ ရက်နေ့က ကြေညာခဲ့ပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ နျူကလီးယားဗုံးစမ်းသပ်မှုတွေကိုတော့ ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up