ရဲကို လာဘ်ထိုးသည့် ကားဆရာရုပ်သံ ထိုင်းအင်တာနက်တွင် ပျံ့နှံ့ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက် လုဗ္ဗနီ ဥယျာဉ်က ကားမရပ်ရဆိုတဲ့နေရာမှာ ဗင်ကားဆရာတယောက်က ရဲတယောက်ကို လာဘ်ပေးနေတဲ ရုပ်သံဖိုင် လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်က ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ AA'Hiace Korat က အင်တာနက်ပေါ်ကို တင်ခဲ့တာ ဖြစ်ပြီး ရဲကို ငွေပေးနေတဲ့ ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာပါ။ ရဲကလည်း ပိုက်ဆံယူပြီး ကားဆရာနဲ့ စကားပြောကာ မော်တော်ဆိုင်ကယ်ကို စီးထွက်သွားပါတယ်။ ဒီဖြစ်ရပ်က ပျက်ယွင်းနေတဲ့ ထိုင်းရဲတွေရဲ့ ပုံရိပ်ကို လှောင်စရာဖြစ်ခဲ့သလို ကားဆရာနဲ့ ရဲကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။ နောက်ပိုင်းမှာ ရဲသားက လာဘ်ငွေယူမယူ စုံစမ်းစစ်ဆေးမှာ ဖြစ်သလို နားလည်မှုမှားတာလည်း ဖြစ်နိုင်တဲ့အကြောင်းနဲ့ လာဘ်ယူရင်တော့ အပြစ်ပေးမှာ ဖြစ်တယ်လို့ လုဗ္ဗနီ ရဲမှူးကြီးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ ရုပ်သံမှာပါတဲ့ အသက် ၅၂ နှစ် အရွယ် ကားဆရာက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး ပိုက်ဆံပေးလိုက်တဲ့ ရဲဟာ သူငယ်ချင်းလို့ ပြောပါတယ်။ ရဲနဲ့သူဟာ ရင်းနှီးသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က အတူသောက်စားရာမှာ ရဲက ပိုက်ဆံ စိုက်ရှင်းတဲ အတွက် သူက ဘတ် ၆၀၀ ပေးခဲ့တာဖြစ်သလို ဒါဟာ လာဘ်ငွေမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ သူငွေပေးပုံကြောင့် သံသယရှိနေဆဲ ဖြစ်ပါတယ်။

More News
Up