နိုင်ငံရေးတိုက်ပွဲဝင်ကြရန် ကေအဲန်ယူ ခေါင်းဆောင်စောမူတူးစေးဖိုး တိုက်တွန်း

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး
လက်နက်ကိုင်တိုက်ပွဲအတူရင်ဆိုင်ခဲ့ကြသလို နိုင်ငံရေးတိုက်ပွဲမှာလည်း ညီညီညွတ်ညွတ် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့မှာ ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ခေါင်းဆောင် စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါ တယ်။ ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖို့က “လက်နက်ကိုင်တိုက်ပွဲတွင် မိမိတို့ ကရင်အမျိုးသားများ အတူတကွ တိုက်ပွဲဝင်ခဲ့ကြသည့်အတိုင်း ယခု နိုင်ငံရေးစစ်မြေပြင်တွင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားအားထုတ်ကြရမည့် အချိန်အခါဖြစ်ပါသည်။ မိမိတို့ ကရင်မျိုးသားများအနေဖြင့် ဘ၀တူ တိုင်းရင်းသားများနှင့်အတူ ပြည်သူလူထု တရပ်လုံးနှင့်ပူးပေါင်းပြီး နိုင်ငံရေးစစ်မြေပြင်တွင် ကြိုးစားအားထုတ်ကြရမည်။” လို့ ကရင်အမျိုးသားနေ့ အထိမ်းအမှတ် သူ့ရဲ့ သ၀ဏ်လွှာမှာပြောပါတယ်။ ဒါ့အပြင် ကရင်တိုင်းရင်းသားတွေအနေနဲ့လည်း  နိုင်ငံရေးစစ်မြေပြင်ကို အရှိန်မြှင့်နိုင်ဖို့အတွက် အသိပညာနဲ့ အတတ်ပညာတွေနဲ့ ကြိုးစားအားထုတ်ပြီး ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းပါတယ်။ ကေအဲန်ယူ အတွင်းရေးမှူး (၁) ပဒိုသောသီဘွဲကတော့ ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လိုလားတောင်းဆိုချက်တွေရရှိဖို့ နောက်တက်လာမယ့် အစိုးရသစ်နဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “နိုင်ငံရေးတိုက်ပွဲလို့ ခေါ်တဲ့နေရာမှာက အဓိက ပြဿ နာက တိုင်းရင်းသားအခွင့်အရေး အထူးသဖြင့် ကရင်တွေအတွက် တောင်းဆိုထားတဲ့ လိုအင်ဆန္ဒတွေက မပြည့်မှီသေးဘူး။ နိုင်ငံရေးစကားဆိုတာလည်း မပြောရသေးဘူးလေ။ အဲတော့ အခုမှပဲ အစပျိုးတဲ့ သဘောတော့ဖြစ်နေတာပေါ့။ အစိုးရအသစ်မှာက ကျနော်တို့ ကေအဲန်ယူအနေနဲ့ တွေ့ဆုံဖို့ မရှိသေးဘူး။ သို့သော် လက်ရှိအစိုးရက သူတို့တာဝန်တရပ်မပြောင်းလဲသေးတဲ့ ကာလမှာ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်အပေါ်၊ နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်တွေကို နောက်တက်လာမယ့်အစိုးရက ဆက်လက်ကိုင်တွယ်မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ဆက်လက်ဆွေးနွေးဖို့ အကြောင်းရှိတာပေါ့လေ” လို့ ပြောပါတယ်။ ဒီကနေ့ကျရောက်တဲ့ (၆၈) မြောက်ကရင်အမျိုးသားနေ့ကို ကရင်ပြည်နယ် ဘားအံမြို့ ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာကျင်းပရာမှာ တခြား ကရင်နိုင်ငံရေးပါတီတွေ၊ အန်ဂျီအိုအဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဒေသခံတွေ အများအပြား တက်ရောက်ကြပါတယ်။ ၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အနယ်နယ် အရပ်ရပ်ရှိ ကရင်တိုင်းရင်းသားတွေအနေနဲ့ မိမိအိမ်တွေမှာ ကရင့်အမျိုးသားအလံတွေလွှင့်ထူတာနဲ့ ကရင်ရိုးရာဝတ်စုံကို တနေ့လုံး ဝတ်ဆင်ကြဖို့ ကေအဲန်ယူ ဗဟိုဌာနချုပ်က စာထုတ်တိုက်တွန်း ထားပါတယ်။ ၁၉၄၈ ဖေဖော်ဝါရီ ၁၁ရက်မှာ  မြန်မာနိုင်ငံတစ်ပြည်လုံးရှိ ကရင်ပြည်သူ ၄ သိန်းကျော် ဟာ ဖဆပလအစိုးရထံ ကရင်ပြည်ပေးရန် ကြွေးကြော်သံ ၄ ချက်နဲ့ တောင်းဆိုဆန္ဒပြမှုကို အစွဲပြုပြီး  ၁၉၅၃ နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

More News
Up