ဘိုင်ယန်မြူးနစ်က ဘိုချန်အသင်းကို ဂိုးပြတ်ဖြင့် နိုင် (ရုပ်သံ)
DVB
·
February 11, 2016
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဖလား ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်က ဘိုချန်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ဘိုချန်အသင်းဟာ ပွဲအစပိုင်းမှာ အခွင့်အရေး တော်တော်များများ ရပေမယ့် အသုံးမချနိုင်ခဲ့ပါတယ်။
ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ၃၈ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ပထမပိုင်း ပြီးကာနီးမှာ ဘိုချန် နောက်ခံလူ ဖျက်တာကြမ်းလို့ အထုတ်ခံရသလို ပင်နယ်တီပါ အပေးခံလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို မူလာ ကန်သွင်းပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ ပါတယ်။
တယောက်လျော့ ဘိုချန်ဖက်ကို ဘိုင်ယန်အသင်း ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ ရယူပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း တော်တော်များများ ရခဲ့ပါတယ်။ ဒုတိယဂိုးကို ၆၁ မိနစ်မှာ အယ်ကန်တာရာက သွင်းယူပါတယ်။
နောက်ဆုံး အပိတ်ဂိုးကို မိနစ် ၉၀ မှာ လီဝမ်း ဒေါ့စကီးက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်မှာ ၀ါဒါဘရီမင်အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။