တရုတ်နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ်တွေ့ကြောင်း ကြေညာ

တရုတ်နိုင်ငံမှာ ဇီကာဗိုင်းရပ်စ် (Zika Virus) ကို ဗင်နီဇွဲလားနိုင်ငံကနေ ပြန်လာသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးထံကနေ ပထမဆုံးအကြိမ်တွေ့ရှိတယ်လို့ တရုတ်အစိုးရက ဒီကနေ့ကြေညာပါတယ်။ အဆိုပါ အမျိုးသားဟာ ဇန်န၀ါရီ ၂၈ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးကုသမှုခံယူခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်းက Ganzhou မြို့က ဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကအပြန် ဟောင်ကောင်နဲ့ တရုတ်တောင်ပိုင်းမြို့ Shenzhen ကနေ ဖြတ်လာတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်းကော်မရှင်က ကြေညာပါတယ်။ သူ့မှာ ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကို မနေ့က အတည်ပြုခဲ့ပြီး Ganxian ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်အပူချိန်ဟာ အခု သာမန်အခြေအနေ ပြန်ရောက်ရှိသက်သာလာပြီး အရေပြားပေါ်က အဖုကလည်း လျော့နေပြီ လို့ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ လက်တင်အမေရိကမှာ ပျံ့နှံ့နေပြီး ဒီဗိုင်းရပ်စ်ကြောင့် ကလေးမွေးဖွားတဲ့အခါ ဦးခေါင်းသာမန်ထက်သေးငယ်တဲ့ ရလဒ်တွေ ထွက်ပေါ် နိုင်ဖွယ်ရှိတယ်ဆိုတဲ့ သံသယတွေ မြင့်တက်နေတာကြောင့် နိုင်ငံတချို့မှာ ၂ နှစ်တာကာလအတွင်း ကလေးမယူဖို့ နှိုးဆော်မှုတွေ ရှိပါတယ်။ လောလောဆယ် နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေတဲ့အနက် ဘရာဇီးနိုင်ငံက အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။ ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတဲ့ နိုင်ငံတွေမှာ ကူးစက်နိုင်ခြေရှိတာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်နဲ့ ဇီကာဖြစ်တဲ့ခြင်က အတူတူပဲဖြစ်တဲ့အတွက် သတိထားဖို့လိုကြောင်း မြန်မာအစိုးရကလည်း အသိပေးနှိုးဆော်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ဇီကာဗိုင်းရပ်စ် ပြန့်ပွားလာမှုနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အတွက် ဒီလဆန်းမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up