တိုက်ပွဲ မဖြစ်ပွားသေးသည့် ဒေသတချို့တွင် မြန်မာစစ်တပ်က လက်နက်ကြီးများပစ်
DVB
·
July 31, 2011
ရှမ်းပြည်နယ်ရှိ တိုက်ပွဲ မဖြစ်ပွားသေးတဲ့ တချို့ဒေသတွေမှာ မြန်မာစစ်တပ်ကနေ လက်နက်ကြီးများ ပစ်ခတ်ပြီး ဒေသခံတွေကို စိတ်ဓာတ် စစ်ဆင်ရေးအရ တပ်လှန့် ခြိမ်းခြောက်နေတယ်လို့ ဒေသခံ ရှမ်းလူမျိုးတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်းမှာတော့ မြန်မာ စစ်တပ်ကနေ လက်နက်ကြီး ပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး ဒေသခံ ရှမ်းအမျိုးသမီးတဦးက ဒီဗွီဘီကို အခုလို ပြောဆိုပါတယ်။
“တိုက်ပွဲကြောင့် မဟုတ်ဘူး။ ပစ်တော့ ပစ်နေတာပဲ။ ကျမတို့ ကြားတာက အများကြီး ပစ်နေတာ မဟုတ်ဘူး။ ကျမတို့ ထင်တာက ခြိမ်းခြောက်တဲ့ သဘောလား။ ဒါမှမဟုတ် ကျမတို့ ပြည်သူတွေကို သတိပေးတာလား။ အတိအကျတော့ ကျမတို့ မသိဘူး။ ဝေးတဲ့နေရာကို ပစ်တာ။ ပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာ အဲဒါက။ ကျမတို့ဘက်မှာက တိုက်ပွဲ ဖြစ်တာ မဟုတ်ဘဲ အဲဒီလိုမျိုး လုပ်နေကြတာကိုး။ ”
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်မှာလည်း မြန်မာစစ်တပ်ကနေ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ လက်နက်ကြီး ပစ်ခတ်နေတယ်လို့လည်း မြန်မာတပ်မတော်နဲ့ ပြန်လည် တိုက်ခိုက်နေတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလက ဒီဗွီဘီကို ပြောဆိုပါတယ်။
“တလောကပဲ လားရှိုး ပတ်ဝန်းကျင်မှာ ဘာမှ လှုပ်ရှားမှု မရှိဘဲနဲ့ လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တာ။ တောင်ယာလုပ်နေတဲ့ သူတွေတောင် ထွက်ပြေးရတယ်။ အဲဒီ ရွာထဲက လူတွေက။ အဲဒါ ဆိုလိုချင်တာက မြောက်ပိုင်းက လူတွေ ၀င်ပြီး ပစ်ခတ်မှာစိုးလို့ အဲဒီလက်နက်ကြီးတွေနဲ့ ထင်ရာ လျှောက်ပစ်နေတာ ထင်တာပဲ။ လက်နက်ကိုင် တဖွဲ့ဖွဲ့က လာပစ်မှာစိုးလို့ အဲဒီမှာ တပ်လှန့်ထားတဲ့သဘောပေါ့။”
မြန်မာစစ်တပ်ကနေ တိုင်းရင်သားလက်နက်ကိုင် တပ်တွေရဲ့ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်မှာဆိုတဲ့အတွက် ကြိုတင်ပြီး တပ်လှန့်ထားတာလို့လည်း ရှမ်းပြည် တပ်မတော်မြောက်ပိုင်းမှ ဗိုလ်မှုးစိုင်းလက ပြောဆိုသွားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှတော့ ကျောက်မဲမြို့နယ်မှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့ အမြှောက်တပ်နဲ့ ကျောက်မဲမြို့နဲ့ ဘောကြိုကြားက သစ်တောရုံးကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်တွေက မနေ့က တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။