Homeမြန်မာသတင်း
ကော့သောင်းမြို့က ဟိုတယ်ကြိုပို့ စက်လှေ နစ်မြုပ် စက်လှေမောင်းသူ ထိုင်းလူမျိုးတဦး သေဆုံး
ကော့သောင်းမြို့က ဟိုတယ်ကြိုပို့ စက်လှေ နစ်မြုပ် စက်လှေမောင်းသူ ထိုင်းလူမျိုးတဦး သေဆုံး
နော်နိုရင်း
·
July 30, 2011
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရေလယ်ကျွန်းမှာ ဇူလိုင် ၂၉ ရက်နေ့ ည ၇ နာရီလောက်မှာ (treasure island resorst) ရတနာကျွန်း ဟိုတယ် ၀န်ထမ်းတွေကို သယ်ဆောင်လာတဲ့ စက်လှေ နစ်မြုပ်ခဲ့တဲ့အတွက် တဦးသေ၊ လေးဦး ဒဏ်ရာရခဲ့ပါတယ်။
ကော့သောင်းမြို့နယ်ပိုင် ရေလယ် ရတနာကျွန်းမှာ ရှိတဲ့ ရတနာကျွန်း ဟိုတယ် ၀န်ထမ်းတွေ စီနင်းလိုက်ပါတဲ့ စက်လှေ ကော့သောင်းမြို့ကနေ ကျွန်းကို အသွား နစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။
လှေနစ်မြုပ်တာဟာ လှိုင်းကြီးတာက တကြောင်း၊ လှေက တဖက် စောင်းနေတာကြောင့် လှေထဲရေ၀င်ပြီး နစ်မြုပ်တာလို့ လှေပေါ်လိုက်ပါခဲ့တဲ့ ၀န်ထမ်းတဦးက ပြောပါတယ်။
“လှေက တခြမ်းစောင်းပြီး မြုပ်သွားတာ။ ထိုင်နေရင်းနဲ့ ၀န်းထမ်းတွေက အောက်ကို ပြုတ်ကျကုန်တာ။ ပြန်တက်လို့ရမယ်ထင်လို့ ပြန်တက်တာ မရဘူး။ ရေက တဖြည်းဖြည်း ၀င်လာတယ်။ တံခါးပေါက်က နှစ်ပေါက်ရှိတယ်။ တပေါက်က ဖွင့်ထားတယ်။ ပိတ်ထားတဲ့ တပေါက်က မြုပ်ပြီး ကျတယ်။ ဖွင့်ထားတဲ့တပေါက်က ပေါ်နေတယ်။ သမီးက အောက်ကို ပြုတ်ကျတော့ တခါးပေါက်နဲ့ထိပြီး နောက်ကျောနာသွားတယ်။ သမီးတို့ကို လာကယ်တဲ့အချိန်မှာ လှေက မြုပ်တော့မယ်။ ရေက တ၀က်လောက် ရောက်နေပြီ။ လာကယ်တဲ့ လှေက ငါးဖမ်းတဲ့လှေလား မသိဘူး။ အဲဒီလှေလာပြီးမှ ကျွန်းက လှေ လာတယ်။”
အဲဒီစက်လှေဟာ ရတနာကျွန်းဟိုတယ်ပိုင် ဖြစ်ပြီး ထိုင်းလူမျိုးတဦး မောင်းနှင်တာလို့ သူက ပြောပါတယ်။ ကော့သောင်းမြို့မှာ ရှိတဲ့ ညပိုင်း တာဝန်ကျတဲ့ မြန်မာဝန်းထမ်း ၂၀ ကျော်ကို လာခေါ်ပြီး အပြန်မှာ အခုလို နစ်မြုပ်တာ ဖြစ်ပါတယ်။
လှေနစ်ချိန် လှေပေါ် အမျိုးသမီး ၀န်ထမ်းအများစု ပါရှိပြီး အနီးနားရှိ တငါလှေ တစီး ရောက်ရှိ ကယ်တင်မှုကြောင့် တချို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ လှိုင်းကြီးလို့ လှေနစ်ချိန် ၀န်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ကော့သောင်းဆေးရုံကို ပို့ဆောင် ကုသထားပါတယ်။
စက်လှေမောင်းသူ ထိုင်းအမျိုးသားကတော့ သွေတိုးရောဂါရှိသူမို့ အခင်းဖြစ်မှုအတွင်း ထိတ်လန့်ပြီး ရနောင်းဆေးရုံကို ပို့ဆောင်ကုသပေမယ့် သေဆုံးသွားတယ်လို့ ကော့သောင်းမြို့ခံတဦးက ပြောပြပါတယ်။
“ပဲ့နင်းတယောက်က လွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး ပြန်ရတယ်။ ပဲ့နင်းတယောက်ကကျတော့ အခင်းဖြစ်တဲ့အချိန်တုန်းက အခြေအနေ သိပ်မဟန်ဘူး။ သူက သွေးတိုးရောဂါရှိတော့ နည်းနည်းရှော့ ဖြစ်သွားတဲ့ ပုံစံ ဖြစ်တာပေါ့။”
ကော့သောင်း ပြည်သူ့ဆေးရုံက ကုသနေရတဲ့ လူနာအခြေအနေကို သိနိုင်ဖို့ ကော့သောင်းဆေးရုံကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်း မရှိပါဘူး။
ရတနာကျွန်းဟိုတယ်ဟာ ထိုင်းနိုင်ငံသားတဦးပိုင်တဲ့ ဟိုတယ်ဖြစ်ပြီး ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကြား မြန်မာပိုင် ရေလယ်ကျွန်းမှာ တည်ရှိပါတယ်။
ရတနာကျွန်းကို မြန်မာအစိုးရက ထိုင်းလုပ်ငန်းရှင်တဦးကို နှစ် ၃၀ စာချုပ်နဲ့ ငှားရန်းထားတာပါ။ အဲဒီ ရတနာကျွန်းဟိုတယ်ဟာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်ဖြစ်ပြီး ကာစီနိုနဲ့ လောင်ကစား လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်တဲ့ ဟိုတယ် ဖြစ်တယ်လို့ ကော့သောင်းမြို့ခံက ပြောပြပါတယ်။