Homeမြန်မာသတင်း
မဲပေးသူအရေအတွက် ၈ ပုံ ၁ ပုံရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအာမခံငွေ ထုတ်ခွင့်ရ
မဲပေးသူအရေအတွက် ၈ ပုံ ၁ ပုံရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအာမခံငွေ ထုတ်ခွင့်ရ
DVB
·
February 9, 2016
ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲအာမခံငွေ ၃ သိန်း ပြန်လည်ထုတ်ယူခွင့်ရတဲ့ ကိုယ်စားလှယ် လောင်းပေါင်း ၂၆၂ ဦးအထိရှိခဲ့ပြီး အများစုဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ရဲ့ ရှစ်ပုံတစ်ပုံရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို အာမခံငွေကျပ် ၃ သိန်း ပြန်ထုတ်ပေးခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကိုယ်စားလှယ် လောင်းပေါင်း ၂၆၀ ကျော်ကို အာမခံငွေပြန်ထုတ်ယူခွင့်ပြုခဲ့တာပါ။
အာမခံငွေထုတ်ယူခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး အဲဒီငွေတွေကို ၆ လအတွင်း ထုတ်ယူ ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဖြစ်ပွားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြား ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကန့်ကွက်လွှာအမှု ၆ ခုကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပဲတိုက်ရိုက်ကိုင် တွယ်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ အာမခံပြန်ရတဲ့ ကိုယ်စားလှယ်လောင်း ၂၅၀၀ ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။