Home
မြန်မာသတင်း
ထားဝယ်မြို့နယ်တွင်း မီးလောင်မှု ၂ နေရာ ဖြစ်ပွား
နန်းမြနဒီ
·
February 8, 2016
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ဒီကနေ့ တရက်တည်း နေရာ ၂ ခု မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မနက် ၂ နာရီကျော်က မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်ခန်းတွေမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး  မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာတော့ ထားဝယ်မြို့ပြင်  ဆင်ဆိပ်ရပ်ကွက် လယ်ကွင်းတွေ မှာ မီးတွေလောင်ခဲ့တာလို့ ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့ ဒုဦးစီး ဦးစိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “မောင်းမကန်ကမ်းခြေ ရှေ့မှာရှိတဲ့ ဆိုင်ခန်းတွေ အလယ်ပေါက်က၀င်ရင် ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ ဈေးဆိုင်တွေပေါ့။  ၁၁ ခန်းလောက် လောင်သွားတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်း ဆိုင်တွေ၊ အအေးဆိုင်၊ စားသောက်ဆိုင်တွေ နောက်ပြီးတော့ သူတို့ကော်မတီရုံးလည်း လောင်တယ်။ ထိခိုက်ဒဏ်ရာရသူ မရှိဘူး။” မီးလောင်တာသိသိချင်း ထားဝယ်၊ လောင်းလုံနဲ့ မောင်းမကန်က မီးသတ်ကားတွေ စုစုပေါင်း ၇ စီး သွားငြှိမ်းသတ်ခဲ့ပေမယ့်လည်း လေတွေအရမ်းတိုက်နေတဲ့အတွက် ခက်ခက်ခဲခဲငြှိမ်းခဲ့ရပြီး မနက် ၃ နာရီ ၁၅ လောက်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သူက ဆက်ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းမှာ ဆိုင်ခန်းအနောက်က ထရမ်စဖော်မာ (မီးအားမြှင့်စက်) ရှော့ပ်ဖြစ်ပြီး မီးပွားတွေဟာ မြက်ခြောက်ပေါ်ကျရာက ၀ိုင်ယာကြိုးတွေပါ ကူးပြီးလောင်ခဲ့ကြောင်း ပေါ့ဆမီးမဟုတ်တဲ့အတွက် မည်သူတဦးတယောက်ကိုမှ အမှုဖွင့်အရေးယူ ထားတာမရှိဘူးလို့ ဆိုပါတယ်။ နေ့ခင်းပိုင်း တစ်နာရီကျော်လောက်မှာတော့ ဆင်ဆိပ်ရပ်ကွက် ထားဝယ်လေယာဉ်ကွင်း မြောက်ဘက်က  လယ်ကွင်းတွေမှာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ လယ်ကွင်းမှာရိုးပြတ်တွေသာ ရှိတဲ့အတွက် ဆုံးရှုံးမှုမရှိပေမယ့် အနီးအနားဝန်းကျင်ရှိ နေအိမ်အဆောက်အဦတွေ လောင်မှာ စိုးလို့  မီးသတ်ကား  ၃ စီး၊ မီးသတ်အင်အား ၃၁ ဦး၊ စစ်တပ်အင်အား ၂၀၀ အပြင် ဒေသခံ ပြည်သူတွေပါ ၀ိုင်းဝန်းငြိမ်းသတ်လို့ ညနေ ၄ နာရီကျော်မှာ မီးငြိမ်းသွားတယ်လို့  ဒုဦးစီးမှူး  ဦးစိန်ထွန်းက ပြောပါတယ်။ လယ်ကွင်းမီးလောင်မှုဟာ တောင်သူတွေက သူတို့လယ်ယာမြေဆီကောင်းမွန်ဖို့ တမင်ရှို့တာ ဖြစ်ကြောင်း၊ ဒါပေမယ့် အနီးအနားပတ်ဝန်းကျင် လူနေအိမ်ခြေအဆောက်အဦတွေပါ ကူးစက် နိုင်တာကြောင့် ဥပဒေနဲ့မညီညွတ်ကြောင်း၊  မဖြစ်မနေရှို့မယ်ဆိုရင် ဘေးပတ်ဝန်းကျင် အန္တရာယ် မဖြစ်အောင် သက်ဆိုင်ရာဆီကြိုတင်အကြောင်းကြားပြီး နယ်မြေအကန့်အသတ်နဲ့ အထူး သတိထားရှို့ရမှာ ဖြစ်တယ်လို့  မီးသတိဒုဦးစီးမှူးက ပြောသွားပါတယ်။ ထားဝယ်ခရိုင်မှာ  ဖေဖော်ဝါရီလ ၇ ရက် မနေ့နေ့ခင်းပိုင်းကလည်း လောင်းလုံမြို့နယ် ကမြော ကြီးကျေးရွာအုပ်စုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံးလောင်ကျွမ်းကာ လူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024