Home
မြန်မာသတင်း
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီအမတ်ကို မဲပေးရွေးချယ်
နန်းမြနဒီ
·
February 8, 2016
ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ယခင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟောင်း ကြံ့ခိုင်ရေးပါတီ အမတ် ဦးစိုင်းလုံးဆိုင်ကို မဲခွဲဆုံးဖြတ်ရွေးချယ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ မနက် စတင်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်နယ် ကိုယ်စားလှယ်စုစုပေါင်း ၁၃၇ ဦး အနက် ၁၃၆ ဦးတက်ရောက်ပြီး လွှတ်တော်အကြီးအကဲ ဥက္ကဋ္ဌ တာဝန်အတွက် အဆိုပြုသူ ၂ ဦးရှိတဲ့အတွက် ဆန္ဒမဲခွဲရွေးချယ်ခဲ့ရတာပါ။ မဲခွဲရွေးချယ်ဆုံးဖြတ်ရာမှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျိုင်းတုံ မဲဆန္ဒနယ်မြေမှ ဦးစိုင်းလုံးဆိုင်က မဲအများဆုံးရခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်လွှတ်တော် အမတ် ဦးစိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောပါတယ်။ “ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အရင်ကျိုင်းတုံမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်ကိုအဆို တင်သွင်းတယ်။ ကျနော်တို့ပါတီက မူဆယ်မဲဆန္ဒနယ်မြေ အမှတ် ၂ က ဦးစိုင်းကျော်သိန်းကို အဆိုပြုတယ်။ ကြံ့ဖွံ့ပါတီက ၈၈ မဲနဲ့ အနိုင်ရပြီး ကျနော်တို့ ပါတီက ၄၈ မဲပဲရပါတယ် ။ ဒါကြောင့် ရှမ်းပြည်မှာ စစ်တပ်နဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးပေါင်းနေသရွေ့တော့ ကျနော်တို့တော့ လွှတ်တော်မှာ ဘာမှ မျှော်လင့်ချက်မရှိဘူး။” ဦးစိုင်းလုံးဆိုင်ဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာလည်း ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ လွှတ်တော်သဘာပတိရွေးချယ်ရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးအောင်သန်းထွဋ်ကို တင်သွင်းပြီး ရှမ်းပါတီကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကလောမြို့နယ်အမတ် ဦးစိုးညွှန့်လွင်ကို အဆိုပြုရာမှာ ဦးအောင်သန်းထွဋ်က ၈၃ မဲရပြီး ဦးစိုးညွှန့်လွင်က ၅၃ မဲသာ ရခဲ့တာဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကိုတော့ မွန်းလွဲပိုင်းမှာ ဆက်လက်ရွေးချယ်မှာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သိန္နီက ပြည်နယ်အမတ် ဒေါ်ခင်ထားရီကို အဆို တင်သွင်း ဖို့ရှိနေပါတယ်။ လွှတ်တော် ဒု-ဥက္ကဋ္ဌနေရာကို ရွေးချယ်ကြရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ရွာငံမဲဆန္ဒနယ်မြေ အမှတ် (၂) မှ စ၀်အောင်မြတ်က အမှတ် အများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။ စ၀်အောင်မြတ်ရရှိသော အမှတ်မှာ ၈၈ မှတ် ဖြစ်ပြီး ဒေါ်ခင်ထားရီက ၄၅ မဲ နဲ့ ပယ်မဲ ၁၇ မဲ ဖြစ်တယ်လို့ လဲချားမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အမတ် ဦးစိုင်းကျော်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။ စ၀်အောင်မြတ်ဟာ လက်ရှိ အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော် ရှိရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာ ကြံ့ခိုင်ရေး ပါတီက ၃၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦး၊ တအာင်း(ပလောင်) အမျိုးသားပါတီက ၇ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၆ ဦး၊ ဝဒီမိုကရက်တစ်ပါတီက ၂ ဦး၊ ၀အမျိုးသား စည်းလုံးညွီညွတ်ရေးပါတီက ၁ ဦး၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီက ၁ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁ ဦး ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024