သိမ်းဆည်းမြေ ပြန်ပေးရန် တောင်ငူတွင် ဆန္ဒပြ
DVB
·
February 7, 2016
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ သိမ်းဆည်းထားတဲ့ လယ်မြေတွေပြန်ပေးဖို့ တောင်သူ ၂၀၀ လောက် ဖေဖော်ဝါရီ ၇ ရက်နေ့မနက်ပိုင်းက မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုရှိ ကျေးရွာလေးရွာမှ လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေနဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၂၀၀ နီးပါးလောက်စုပေါင်းပြီး ဒုတိယအကြိမ် တရားဝင်ခွင့်ပြုချက်နဲ့ မြို့တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘိုးဘွားပိုင် လယ်ယာမြေတွေကို မတရားကျူးကျော် သိမ်းဆည်းထားတဲ့ ကောင်းမြန်မာအောင် ကုမ္ပဏီ ထွက်သွားရေး၊ ထိုက်တန်တဲ့ နစ်နာကြေးတွေ ပေးရေး၊ တရားစွဲထားတဲ့ အမှုအားလုံး ချက်ချင်း ရုပ်သိမ်းပေးရေး၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးရေး၊ ကောင်းမြန်မာအောင်ကုမ္ပဏီနဲ့ ဒေသခံတွေ သဘောတူထားတဲ့ ညှိနှိုင်းဆွေးနွေးချက်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရေး စတာနဲ့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
တောင်ငူမြို့ အရှေ့ဘက် မုခ်ဦး အနီးမင်းကြီးညို ရုပ်တုရှေ့ကနေ ကုန်သည်ကြီးလမ်းမှာရှိတဲ့ တော်ဝင်ကေတုဟိုတယ်ရှေ့အထိ ၂ နာရီလောက်အကြာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
၂၀၀၉ ခုနှစ်က ကျွန်းစိုက်ခင်းအတွက် ကောင်းမြန်မာအောင်ကုမ္ပဏီကို စိုက်ပျိုးမြေဧက ၂၄၀၀ လုပ်ကိုင်ခွင့် ချထားပေးခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုသားကြီး