ကလေးရရန် ခက်ခဲသည့် အိမ်ထောင်သည်များအတွက် Fertility Center ဖွင့်လှစ်
DVB
·
February 7, 2016
ကလေးရဖို့ ခဲရင်းနေတဲ့ အိမ်ထောင်သည်တွေအတွက် Fertility Center ကို ဗဟိုအမျိုးသမီးဆေးရုံမှာ ဖွင့်လှစ်လိုက်ပါတယ်။
ပြည်တွင်းက ကလေးလိုချင်ပေမယ့် ကလေးရဖို့ ခက်ခဲနေတဲ့ အိမ်ထောင်သည် စုံတွဲတွေအတွက် ကလေးရအောင် ပြုလုပ်ပေးမယ့် Fatalory Center ကို ဖေဖဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံမှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ဒီစင်တာကနေ ဘာကြောင့် ကလေး မရနိုင်ရတာလဲ ဆိုတာကို ဖော်ထုတ်ပေးပြီး ကလေးရအောင် ကုသပေးမှာဖြစ်ပါတယ်။
ဒီ Fertility Center မှာ လက်တလောအနေနဲ့ ကလေးရဖို့ ခက်ခဲနေတဲ့ အမျိုးသားရဲ့ သုတ်ပိုးကို အမျိုးသမီးမွေးလမ်းကြောင်းထဲ တိုက်ရိုက်ထည့်တဲ့ နည်းလမ်းမျိုးနဲ့ ကလေးရအောင် ဖန်တီးပေးတဲ့ ဝန်ဆောင်မှုအထိ ရနိုင်မှာဖြစ်ပါတယ်။
ဖန်ပြွန်သန္ဓေသား စနစ်နဲ့ ကလေးရအောင် ဖန်တီးတာကိုတော့ အခုလက်တလောမှာ ဝန်ဆောင်မှု မပေးနိုင်သေးပေမယ့် နောက်ပိုင်းမှာ ဝန်ဆောင်မှု ပေးနိုင်အောင်အထိ ဆောင်ရွက်သွားမယ်လို့ ဗဟိုအမျိုးသမီးဆေးရုံရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကလေးရလိုတဲ့ အိမ်ထောင်သည် စုံတွဲတွေအနေနဲ့ ကလေးရအောင် ကုသရတဲ့ ဆေးကုသစရိတ်ကိုတော့ လူနာဘက်ကကျခံရမှာဖြစ်ပါတယ်။