ဘောလုံးကန်မည့် မြန်မာအလုပ်သမားများ လောင်းကစားမှုဖြင့် ဖမ်းဆီးခံရ
DVB
·
February 7, 2016
ထိုင်းနိုင်ငံ မဟာချိုင် မြို့နယ်ထဲက ဘောလုံးကွင်းတခုမှာ ဘောလုံးကန်ဖို့ ပြင်ဆင်နေ တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးကို လောင်းကစား လုပ်တယ်ဆိုပြီး နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ဘောလုံးကန်ဖို့အတွက် ဘောလုံးကွင်းထဲမှာ တဖက်အသင်းကို စောင့်နေတဲ့ အချိန် ထပ်ချလုံမြို့နယ် ရဲတပ်ဖွဲ့ဝင်က လာရောက်ဖမ်းဆီးခဲ့တာလို့ မဟာချိုင် အခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ (အေအေစီ) အဖွဲ့ဝင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဖိနပ်စီးတဲ့လူစီး၊ ဘောင်းဘီဝတ်တဲ့ လူက၀တ် ပြင်ဆင်နေတာ မကန်ရသေးဘူး၊ တဖက်ကလာမယ့်အသင်းကို ချိန်ထားတာဆိုတော့ စောင့်နေတာ၊ သူတို့ အချင်းချင်းပါပဲ အလုပ်ရုံတရုံနဲ့ ချိန်းကန်တာ၊ အဲဒီလိုစောင့်နေတဲ့အချိန်မှာပဲ လာဖမ်းသွားတာ။ မင်းတို့ လောင်းကစားလုပ်မှာ မဟုတ်လား ဘာညာဆိုပြီးတော့ ကန်တောင် မကန်ရသေးဘူး၊ လာဖမ်းသွားတယ်။”
အလုပ်သမားတွေကို ထပ်ချလုံမြို့နယ် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့ခင်း ၁ နာရီလောက်မှာ အေအေစီအဖွဲ့က သွားရောက်ဖြေရှင်းပေးခဲ့လို့ ပြန်လွတ်လာပြီဖြစ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ လိုက်ထုတ်လိုက်တော့ မနက် ၇ နာရီခွဲ ၈ နာရီလောက်မှာ ရဲစခန်း အချုပ်ထဲမှာ ထည့်ထားတယ်၊ လက်ဗွေတွေနှိပ် ဖြေရှင်းတော့ နေ့ခင်း ၁ နာရီလောက်မှာ အချုပ်ထဲကနေ သူတို့ကို ထုတ်နိုင်တယ်။”
ကိုရဲမင်း ပြောပြချက်အရ မြန်မာနိုင်ငံသားတွေကို အချုပ်ထဲမှာ ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိုင်းရဲတွေက ငွေတောင်းတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက တရားဝင်လက်မှတ် ကိုင်ဆောင်ထားတဲ့အတွက် အားလုံးက မပေးဘဲ ပြန်လည်လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားအားလုံးဟာ အဲဒီ ဘောလုံးကွင်းအနီးအနားက ငါးသေတ္တာရုံမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမား ၁ သိန်းကျော် အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
ဓာတ်ပုံ - ကိုဇက်