ဘားအံမြို့တွင် ငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲပြုလုပ်
နော်နိုရင်း
·
February 5, 2016
ကရင်ပြည်နယ် ဘားအံမြို့မှာ သီရိကွင်းမှာ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲတရပ် ပြုလုပ်သွားပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး လူပေါင်း တထောင်ကျော်လောက် တက်ရောက်ခဲ့ တယ်လို့ ဘားအံမြို့ခံ ဦးကျော်မင်းစိန်က ပြောပါတယ်။
“ပြည်ထောင်စုငြိမ်းချမ်းရေး ထောက်ခံကြိုဆိုပွဲဆိုပြီးတော့ စစ်ကြောင်းတွေနဲ့ပုံဖော်ပြီးတော့ မနက် ၇ နာရီကျော်လောက်မှစချီတက်တယ်။ အကုန်လုံး တိုင်းရင်းသားဝတ်စုံတွေ၊ သူနာပြုဝတ်စုံတွေရော၊ ဌာနဆိုင်ရာတွေရောပေါ့။ အဓိကကတော့ ပြည်ထောင်စုငြိမ်းရေးကြိုဆိုထောက်ခံပွဲ ဒို့အရေးလို့အော်ကြတာပေါ့။ ”
ဒီပွဲကိုဦးစီးကျင်းပရာမှာ ပါဝင်တဲ့ အေအန်ယူ၊ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတဦးကလည်း “ဒီငြိမ်းချမ်းရေးကို အဓိက အတူတူလက်တွဲပြီးတော့ ဖော်ဆောင်တဲ့ သဘောတရားပါပဲ။ အဖွဲ့အစည်းတခုတည်းမဟုတ်ဘဲနဲ့ ပြည်သူတွေကအစ အကုန် ပူးပေါင်းပြီးတော့ လက်တွဲပြီးတော့ လုပ်ဆောင်တဲ့သဘောပါ” လို့ ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက် ကနေ ၁၆ ရက်အထိ နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က အစုအဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ ၅ ရပ်ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ဓာတ်ပုံ - U Kyaw Gyi