ဂြိုဟ်တုလွှတ်တင်မည့် မြောက်ကိုရီးယား အစီအစဉ် တရုတ်စိုးရိမ်

ဓာတ်ပုံ - bhaskar.com
မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အစီရင်ခံစာအပေါ် တရုတ်က အလွန်အမင်း စိုးရိမ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။ ဒီအစီအစဉ်ဟာ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည် နည်းပညာကို အဆင့်မြှင့်စေနိုင်ပါတယ်။ မြောက်ကိုရီးယားဟာ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ဇန်နဝါရီလတည်းက ဆောင်ရွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့ မြောက်ကိုရီးယားဟာ ကမ္ဘာမြေကိုပတ်မယ့် ဂြိုဟ်တုတလုံးကို ဖေဖော်ဝါရီ ၈ ရက်ကနေ ၂၅ ရက်ကြားမှာ လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် အေဂျင်စီတွေကို အသိပေးခဲ့ပါတယ်။ ဂျပန်ကလည်း ဂျပန်ကို ခြိမ်းခြောက်လာခဲ့ရင် ဒုံးကျည်ကိုပစ်ချဖို့ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ရေး တပ်လှန့်ခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားဟာ ဂြိုဟ်တုလွှတ်တင်မှုကို ဒုံးကျည်စမ်းသပ်မှုလို့ ယူဆထားပြီး မြောက်ကိုရီးယားက ဆက်လုပ်ခဲ့ရင် ဆိုးရွားတဲ့ တန်ကြေးကို ပေးရမယ်လို့ သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လျူခန်းကတော့ မြောက်ကိုရီးယားရဲ့ အာကာသကို ငြိမ်းချမ်းစွာ သုံးစွဲခွင့်ကို တရုတ်က အသိအမှတ်ပြုတယ်၊ ဒါပေမယ့် လောလောဆယ် လုံခြုံရေးကောင်စီက ဒီအခွင့်အရေးကို ကန့်သတ်ထားလို့ သည်းခံဖို့ မျှော်လင့်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လတ်တလော တင်းမာမှုတွေအတွင်း ၆ နိုင်ငံဆွေးနွေးပွဲ ပျက်ပြားမှုအပေါ် လျူက အပြစ်တင်ပါတယ်။ တရုတ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်မယ့်အရေး ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ဖို့ စီစဉ်နေတဲ့အချိန်မှာ သက်ရောက်နိုင်မယ့် ဒေသတွေကို ရှောင်ရှားပြီး လေယာဉ်တွေ ပျံသန်းကြဖို့ ညွှန်ကြားမယ်လို့ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up