Home
မြန်မာသတင်း
ဓားဖြင့်ခုတ်ပြီး တိမ်းရှောင်နေသည့် ကြေးစားလူမိုက်များကို ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး
ညီငယ်
·
February 4, 2016
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်း ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကြေးစားလူမိုက်တွေကို ဖော်ထုတ်ဖမ်းဆီးလိုက်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးဟာ သူပိုင်ဆိုင်တဲ့ ထွန်းသစ်ထမင်းဆိုင်မှာ ခင်ပွန်းဖြစ်သူ ကိုထွန်းသစ်ဦးနဲ့အတူ ထမင်းစားနေချိန် အမျိုးသား ၂ ဦး ဆိုင်ထဲဝင်လာပြီး ဓားနဲ့ခုတ်လို့ ကိုထွန်းသစ်ဦး ဒဏ်ရာတွေရကာ သူ့ကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ပြန်ထွက်သွားပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမာရွတ် မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။ ဓားနဲ့ ၀င်ခုတ်သူတွေဟာ  လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးရာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ လှမျိုးသူ (ခ) မျိုးသူ (ခ) ပြောင်ကြီးနဲ့ ရဲလင်းထိုက် (ခ) ကိုရဲတို့ကို စစ်ဆေးရာ အခုတ်ခံရသူ ကိုထွန်းသစ်ဦးရဲ့ လက်နဲ့ ကျောကုန်းတို့ကို ဓားနဲ့ခုတ်ရင် ငွေကျပ် ၁၀ သိန်း ပေးမယ်ဆိုပြီး စေခိုင်းသူရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆက်ဆွဲ သတင်းတွေအရ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ လှိုင်သာယာမြို့နယ်နေ တင်မျိုးသိန်း (ခ) တင်မျိုးနိုင် (ခ) ကျားလက်ဝါးနဲ့ စိုးထိုက်တို့ ၂ ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူတွေကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ စိုးရိမ်ကြောက်ရွံ့နေတဲ့ လူဆိုးလူမိုက်တွေကို ရှင်းလင်းဖမ်းဆီးရေး အထူးစီမံချက်အရ ကြေးစားလူမိုက်တွေကို ဖော်ထုတ်ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၀ ရက်ကနေ လကုန်အထိ တရားခံပြေး၊ ရဲဘက်ပြေး လူမိုက်တွေ အပါအ၀င် တခြားလူမိုက် ၁၈ ဦး ဖမ်းဆီးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024