ခွန်ဆာနှင့်ဆက်နွယ်သော ဘတ်သန်း ၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 3, 2016
ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာပြည်ဘက်က ခွန်ဆာနဲ့ဆက်နွယ်တဲ့ ဘတ်သန်းပေါင်း ၂၀၀ တန်ဖိုးရှိ အိုက်စ်နဲ့ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲချုပ်ကြီးရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ရှမ်းလူမျိုး နိုင်းချိုင်း ဆိုသူဟာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချကြောင်း ကြိုတင်သတင်းပေးချက်အရ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့က သူ့ကို စောင့်ကြည့်ခဲ့ပါတယ်။
ဒီ့နောက် ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က ကုန်သည်အယောင်ဆောင်ပြီး မူးယစ်ဆေးဝါးမှာယူကာ ဖမ်းဆီးခဲ့တာလို့ ဖေဖော်ဝါရီ ၂ ရက် မနက် ၁၀ နာရီခွဲအချိန် ဘန်ကောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ကျကထစ် ချိုင်း ကျင်းဒါးက ပြောကြားခဲ့ပါတယ်။
ကုန်သည်အယောင်ဆောင် ရဲတပ်ဖွဲ့ဝင်တွေက နိုင်းချိုင်းထံမှ ဘတ် ၁၃ သန်းခွဲ တန်ဖိုးရှိ အိုက်စ်ဆေးအလေးချိန် ၂၇ ကီလိုဂရမ်ကို မှာယူခဲ့ကြောင်း၊ အဲဒီငွေတွေကို နိုင်းချိုင်းက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဘန်ကောက်မြို့ ဘန်ချန်းနယ်မြေမှာ လာရောက်ယူငင်ပြီး မူးယစ်ဆေးဝါးတွေကိုတော့ ထိုင်းနိုင်ငံသား နိုင်းကျမ်ရတ်ဒဲန်ပရီချားက လာရောက်ပို့ဆောင်စဉ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီကနေတဆင့် သူတို့တည်းခိုရာ ဘန်ကပိမြို့နယ်က တိုက်ခန်းတခုကို ၀င်ရောက်စစ်ဆေးရာမှာ နောက်ထပ် အိုက်စ်အလေးချိန် ၄ ဒသမ ၈ ကီလိုဂရမ်နဲ့ စိတ်ကြွဆေး ၅ သိန်း ဖမ်းမိခဲ့ပြီး အခန်းပိုင်ရှင် ထိုင်းလူမျိုး နိုင်းလိုတ်ဆဒ်ဒီဖူးလ်ဗညားကိုပါ ဖမ်းဆီးခဲ့တာလို့ ထိုငိးရဲချုပ်က ပြောပါတယ်။
အဲဒီ လူ ၃ ဦးထံကနေ စုစုပေါင်း ဖမ်းဆီးရရှိမှုမှာ ဘတ်သန်းပေါင်း ၂၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၃၁ ဒသမ ၈ ကီလိုဂရမ်၊ စိတ်ကြွဆေး အလုံးရေ ၅ သိန်း၊ အနက်ရောင် ဖို့ဒ်မော်တော်ကားတစီး၊ လက်ကိုင်ဖုန်း ၇ လုံး ဖြစ်ပါတယ်။
သူတို့ဟာ မူးယစ်ဆေးဝါးတွေကို မယ်ဆိုင်မှတဆင့် မော်တော်ကားတာယာအပိုထဲ ထည့်သွင်းသည်ဆောင်လာတာဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေဟာလည်း အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (ဒီအီးအေ) အဖွဲ့က အလိုရှိတဲ့ မြန်မာပြည်မှ ခွန်ဆာအဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ ထိုင်းရဲချုပ်ကြီးက ပြောပါတယ်။
ဒီတခေါက် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကနေ နောက်ထပ်ကွင်းဆက်တွေကို ဆက်လက်စုံစမ်းသွားမှာဖြစ်ကာ လောလောဆယ် ချင်းရိုင်းခရိုင်မှာ ရွှေဆိုင်ဖွင့်ပြီး ငွေလှဲလှယ်ရေးလုပ်ငန်းကို ဘန်းပြလုပ်ဆောင်နေတဲ့ ရှမ်းလူမျိုး လင်မယား ၂ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကိုတော့ အပြင်းဆုံး အဆင့် ၁ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်မှုတွေနဲ့ မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။