Home
မေးမြန်းခန်း
အန်အယ်လ်ဒီက ပြတ်သားပြီး ဦးဆောင်နိုင်စွမ်းရှိမှ ပြောင်းလဲနိုင်မယ် - ရှေ့နေဦးအောင်ထူး
အေးနိုင်
·
February 2, 2016
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ခေါ်ယူ ကျင်းပခဲ့သလို အမျိုးသားလွှတ်တော်ကိုလည်း ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ခေါ်ယူကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစတဲ့မဏ္ဍိုင်သုံးရပ်ကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်စွမ်းရှိမှာပါလဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်တဲ့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ စေမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာဖို့ ခရီးနီးလာပါပြီလား။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ရှေ့နေ ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သဘာပတိအဖြစ် အမျိုးသမီး ဒေါ်ခင်ဌေးကြွယ်၊ လွှတ်တော် ဥက္ကဋ္ဌက အန်အယ်လ်ဒီက ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌဆိုရင် ပြည်ခိုင်ဖြိုးက ဦးတီခွန်မြတ်ပေါ့။ ဒီအခင်းအကျင်းက သမိုင်းစာမျက်နှာသစ်ဖွင့်တယ်လို့ သတ်မှတ်လိုက်လို့ လုံးဝရပြီလား။ “ကျနော်တော့ အဲလိုလုံးဝမထင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေကို ခေါင်းဆောင်ပေးတယ်ဆိုတဲ့ဟာက အခုမှ အသစ်အဆန်းမဟုတ်ဘူး။ မဆလ (မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရပေါ့ဗျာ စစ်အစိုးရလက်ထက်မှာ ဒါက တောက်လျောက်လုပ်လာခဲ့တာပဲ။ ပအို့ဝ်တွေလည်း နေရာပေးခဲ့တာရှိတယ်။ ကချင်တွေလည်း နေရာပေးခဲ့တာရှိတာပဲ။ ချင်းတွေဆို ဘယ်နည်းပါ့ မလဲ။ အဲဒီလို နေရာအသီးသီးပေးပြီးတော့မှ တိုင်းရင်းသားဆိုတဲ့ဟာကို တင်ခဲ့တာပဲ။ အဓိကပြသနာက တိုင်းရင်းသားတင်တာကို တဖက်က ကန့်ကွက်စရာအကြောင်းမရှိဘူး။ သို့ပေသည့် တိုင်းရင်းသားကိုတင်လိုက်တဲ့အတွက် ထူးခြားတာမဟုတ်ဘူးလို့ ကျနော် ပြောချင်တယ်။ ထူးခြားတာက အဲဒီတင်တဲ့တိုင်းရင်းသားတွေမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်တာ၊ နောက်တခါ တိုင်းရင်းသားတွေရသင့်ရထိုက်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သက်တာ၊ နောက်တခါ ပင်လုံစာချုပ်အပေါ် အခြေခံပြီးတော့မှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုတာ၊ ဒါတွေမှာ ရှင်းလင်းတဲ့ မူဝါဒနဲ့ တွေးခေါ်ယူဆမှုတွေ ရှိဖို့လိုတယ်၊ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်တွေရှိဖို့လိုတယ်။ အဲဒါကသာလျင် သမိုင်းအရ အလှည့်အပြောင်းဖြစ်နိုင်ပါတယ်။” မနေ့က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကအားရစရာ မကောင်းဘူးလား၊ စံချိန်စံညွှန်းနဲ့မကိုက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ နိုင်ငံတကာ စံနှုန်းတွေဖြစ်အောင် ပြင်ဆင် ဖြည့်စွက်ဖျက်သိမ်း အသစ်ပြန်ရေးစသဖြင့် လုပ်သွားမယ်ဆိုတော့လေကြိုဆိုကြတာတွေ့ရတယ်၊ သူ့ပြောကြားခဲ့သလိုမျိုး အကောင်အထည်ဖော်ဖို့က အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း မဏ္ဍိုင်ကြီးတွေနဲ့ ချိတ်ဆက်နိုင်မှု ဘယ်လိုရှိမလဲ။ “ဒီလိုရှိတယ်ဗျ။ ယေဘူယျအားဖြင့် အားလုံးလက်ခံတဲ့ဟာတွေ ပြောတာကတော့ ကောင်းပါတယ်၊ ဒါလည်း ကန့်ကွက်စရာမရှိပါဘူး။ ဒီလိုမျိုးအနေအထားတွေကို ဦးသိန်းစိန်က သမ္မတဖြစ်လာတဲ့အချိန်မှာလည်း တော်တော်များများပြောခဲ့တာပဲဟာ။ ဒါပေမယ့် ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထဲမှာ နေရာအများစု ရလာတဲ့အချိန်မှာ ကတိတခုရှိတယ်၊ အဲဒါဘာလဲဆိုတော့ Change ပေါ့။ အပြောင်းအလဲလို့ သုံးသွားတယ်။ အပြောင်းအလဲဆိုရင် Reform မဟုတ်တော့ဘူး၊ ပြုပြင်တာ မဟုတ်တော့ဘူး။ ဆိုတော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့ တက်လာတဲ့လွှတ်တော်အမတ်တွေရော၊ နောင်အစိုးရမှာ တာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေရောမှာ တာဝန်ရှိတယ်လို့ ကျနော်နားလည်တယ်။ ဒီပေတံနဲ့ တိုင်းရမယ်လို့ နားလည်တယ်။ ဒါဖြင့်ရင် Change ဆိုတာ ဘာလဲဆိုတော့ လေးမျိုးရှိတယ်။ ၁ က Constitunitional Change (ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲ) ဖြစ်တယ်။ Constitunitional Reform (ဖွဲ့စည်းပုံပြုပြင်ရေး) မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ဖို့မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြောင်းလိုက်ရမယ်။ ကနေ့တက်လာတဲ့လွှတ်တော်ဟာ တိုင်းပြည်ရဲ့ လူထုက လွှဲအပ်လိုက်တဲ့ အချုပ်အခြာအာဏာကို ကိုယ်စားပြုတယ်ဆိုတာကို ကိုယ့်ဟာကို လက်ခံလို့ရှိရင် ဒီဖွဲ့စည်းပုံကြီးကို ပြောင်းပစ်ရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်သွားဖို့မဟုတ်ဘူး။ ဒါ Change ဖြစ်တယ်။ ဒုတိယအချက်က Legal Change ဆိုတာရှိတယ်။ ဒါက ဥပဒေကြောင်းအရ အပြောင်းအလဲဖြစ်တယ်။ မတရားတဲ့ တည်ဆဲဥပဒေတွေအများကြီးကို ဖျက်ပစ်လိုက်ရမယ်။ တချို့ဟာတွေကို တရားတဲ့ဥပဒေများအဖြစ် ဖြစ်လာအောင် အသစ်တွေပြဌာန်းရမယ်၊ ဒါ Legal Change ရဲ့သဘာဝဖြစ်တယ်။ အဲဒီတော့ တည်ဆဲဥပဒေတွေက လူတဦးချင်းရဲ့အခွင့်အရေးကော၊ လူအစုလိုက် တိုင်းရင်းသားတွေရဲ့အခွင့်အရေးရောကိုပဲ ဆန့်ကျင်တဲ့ဥပဒေတွေ အများကြီးရှိတယ်။ ဥပမာဆိုရင် လူတဦးချင်းရဲ့အခွင့်အရေးကို ဆန့်ကျင်တဲ့ဥပဒေဆိုရင် ၁၉၇၅ နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများရဲ့ အန်တရာယ်မှ ကာကွယ်တဲ့ဥပဒေ၊ ဒီလိုဟာမျိုးဥပဒေတွေ တော်တော်များများရှိတယ်၊ ချက်ခြင်း ဖျက်ပစ်လိုက်ရမယ်။ နောက်ထပ် ဥပမာဆိုကြပါစို့ လူအုပ်စုလိုက်အခွင့်အရေးကို နစ်နာစေတဲ့ဥပဒေဆိုရင် ၂၀၁၁ ခုနှစ်- ၂၀၁၄ ခုနှစ် မြန်မာစီးပွားရေးအထူးစီးပွားရေးဇုန်ဥပဒေ ဆိုတာရှိတယ်။ ဒါမျိုးက ဖျက်ပစ်လိုက်ရမယ်။ Legal Change ဆိုတာ ဒါကို ဆိုလိုတာဖြစ်တယ်။ တတိယအချက်ကဘာလဲဆိုရင် Policy Change ဖြစ်တယ်။ မူဝါဒပိုင်းဆိုင်ရာ ပြောင်းသွားရမယ်။ ဥပမာ ကနေ့နိုင်ငံတော်မှာ နိုင်ငံတော်မူအဖြစ် ချမှတ်ကျင့်သုံးနေတဲ့ မြေယာမူဝါဒလိုဟာမျိုး၊ ရေထု၊ လေထု မြေထုက နိုင်ငံတော်ပိုင်ဖြစ်တယ်ဆိုတဲ့ မူဝါဒမျိုးက Change ပစ်လိုက်ရမယ်။ ပြောင်းပစ်လိုက်ရမယ်။ ထိုနည်းတူစွာ မြေယာမှာသာမကဘဲနဲ့ သဘာဝပတ်ဝန်းကျင်မှာလား၊ သယံဇာတတွေ ထုတ်လုပ်သုံးစွဲတဲ့နေရာမှာလား၊ တိုင်းရင်းသားပြည်နယ်တွေကိစ္စမှာလား မူဝါဒတွေက Change ပြောင်းပစ်လိုက်ရမယ်။ နောက်ဆုံးတချက်ကတော့ တည်ဆဲတိုင်းပြည်အဆောက်အအုံတွေ ဒီအတိုင်းထားသမျှကာလပတ်လုံး ဦးဝင်းမြင့်အပါအ၀င် ဘယ်လွှတ်တော်က ဘယ်လောက်ပဲပြောနေပြောနေ တိုင်းပြည်က ဘာမှဖြစ်မှာမဟုတ်ဘူး။ အဲဒါကို institutional Change လို့ခေါ်တယ်။ တိုင်းပြည်အဆောက်အအုံကို အပြောင်းအလဲ လုပ်ရမယ်။ ဘယ်လိုတိုင်းပြည်အဆောက်အအုံတွေ ပြောတာလဲဆိုတော့ တရားစီရင်ရေးကစပြီးတော့ တရားစီရင်ရေး၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ တပ်မတော်အပါအ၀င် State Institution တွေ ဒါတွေကို Change ပြောင်းပစ်လိုက်ရမယ်။ အဲဒီတော့ ဒီ ၄ ခုကို လုပ်မှသာလျှင် ကျနော်တို့အားလုံးလိုချင်မျှော်မှန်းတဲ့ ငြိမ်းချမ်းမှု၊ တိုးတက်ဖွံ့ဖြိုးမှု၊ လွတ်လပ်မှု ဒါတွေက ကျနော်တို့ ရနိုင်မှာဖြစ်တယ်။” လွှတ်တော် ဥပဒေပြုရေးမဏ္ဍိုင်က မနေ့ကစတယ်ဆိုတော့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်တို့ကရော အရင်ကနဲ့ တခါတည်း Change ပစ်လိုက်ဖို့ လွယ်ကူပါ့မလား။ ပြည်ထဲရေးတို့၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေက ကာကွယ်ရေးဦးစီးချုပ်ကိုင်တွယ်တယ်ဆိုတော့ အုပ်ချုပ်ရေးပိုင်းကို ကိုယ်စားလှယ်တွေက ကိုင်တွယ်နိုင်ပါ့မလား။ “တရားစီရင်ရေးပိုင်းက စပြောပါမယ်။ တရားစီရင်ရေးပိုင်းက Change လို့ လုံးဝမရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားသူကြီးတွေက အသက် ၇၀ ပြည့်မှ ပြောင်းလို့ရမယ်။ တခြား Institution များနဲ့မတူဘူး၊ ဥပမာဆိုကြပါစို့ဗျာ ရှေ့နေချုပ် ပြောင်းလို့ရမယ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြောင်းလို့ရတယ်၊ ရွေးကောက်ပွဲကော်မရှင် ပြောင်းလို့ရတယ်၊ ဘဏ္ဍာရေးကော်မရှင် ပြောင်းလို့ရတယ်။ သို့သော် တရားစီရင်ရေး ပြောင်းလို့မရဘူး။ ဆိုတော့ အခုလက်ရှိတရားသူကြီးတွေကပဲ တရားစီရင်ရေးအာဏာ ဆက်ယူထားမယ်။ အဲဒီတရားသူကြီးတွေရဲ့ အားလုံးနီးပါးက စစ်အာဏာရှင်စနစ်ကို ခေါက်ရိုးကျိုးနေပြီးတော့ လွတ်လပ်တဲ့တရားစီရင်ရေးဆိုတာကို ဘယ်တုန်းကမှ အကောင်အထည်မဖော်တဲ့ပုဂ္ဂိုလ်များဖြစ်တယ်။ ဒါက တရားစီရင်ရေးနဲ့ပတ်သက်လို့ဖြစ်တယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်လည်းပဲ ခုန မီဒီယာဆရာပြောတာ ရာနှုန်းပြည့်မှန်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်ထဲမှာ ဘယ်လောက်ပဲ ရွေးချယ်တင်မြှောက်ပွဲမှာ ရာနှုန်းပြည့်လူထုထောက်ခံပြီးတက်လာဦးတော့ အစိုးရအာဏာ၊ တကယ်တမ်းအစိုးရအာဏာမရနိုင်ဘူး။ ဘာကြောင့်မရနိုင်ဘူးလဲဆိုတော့ ပထမအချက်က ကာချုပ်လို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထဲမှာ အဓိက ဦးဆောင်ခွင့်ပေးထာလိုက်တယ်။ ၁၁ ယောက်မှာ ၆ ယောက်က အများစုဖြစ်နေတယ်။ ဒီလိုဖြစ်နေသမျှကာလပတ်လုံး တကယ့်တိုင်းပြည်အုပ်ချုပ်ရေးအာဏာဟာ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ လူထုခေါင်းဆောင်လက်ထဲမှာ မရှိဘူး။ ကာလုံ ကာချုပ်လက်ထဲမှာပဲ သွားရှိနေတယ်။ ဒါက တချက်ဖြစ်တယ်။ ဒုတိယတချက်က ဘာလဲဆိုတော့ ခုနပြောသလို ၀န်ကြီးဌာန ၃ ခုဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီအရေးကြီးတဲ့ ဌာန ၃ ခုစလုံးက ၀န်ကြီးတွေကို နောက်တက်လာတဲ့ ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ သမ္မတ က ခန့်ခွင့်မရှိဘူး။ ကာချုပ်ကပဲ ဆက်ခန့်သွားမယ်။ ဆက်ခန့်တော့ ဘာဖြစ်လဲဆိုတော့ ဒီမိုကရေစီနည်းက ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ အစိုးရသည် ခြေထောက်သာရှိပြီး လက်နှစ်ဘက်မရှိတဲ့ အစိုးရလိုဖြစ်နေတယ်။ ညာဘက်လက်ဖြစ်တဲ့ တပ်မတော်ကလည်းပဲ ကာကွယ်ရေးဝန်ကြီးကတဆင့် သူ့ကို အုပ်ချုပ်ရမယ့်အစား ကာကွယ်ရေးဝန်ကြီးကို ကာချုပ်ကပဲ ပြန်ခန့်ထားတဲ့အခါကျတော့ တပ်မတော်ဟာ အစိုးရနဲ့ သီးခြားကင်းလွတ်နေတယ်။ ဘယ်ဘက်လက်ဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အခြားထောက်လှမ်းရေးအဖွဲ့အစည်းတွေ၊ လုံထိန်းအဖွဲ့အစည်းတွေကလည်း ပြည်ထဲရေးဝန်ကြီးကတဆင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့အစိုးရက အမိန့်ပေးရမယ့်အစား စစ်တပ်ကပဲ ဆက်အမိန့်ပေးနေတယ်။ ဒါကြောင့် တက်လာတဲ့အစိုးရဟာ လက် ၂ ဖက်မရှိတဲ့ အစိုးရနဲ့ အလားသဏ္ဌာန်တူတယ်။ တတိယအချက် ပိုဆိုးတာက ဘာလဲဆိုတော့ ဒေသဆိုင်ရာအလိုက် အုပ်ချုပ်ရေးရုံးတွေပေါ့၊ အုပ်ချုပ်ရေးရုံးတွေကသာလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂ အရ အဓိက တိုင်းပြည်ကို အုပ်ချုပ်သွားတာဖြစ်တယ်။ အစိုးရက အုပ်ချုပ်သွားတာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံအရအောက်မှာတော့ဖြင့်ရင် တက်လာတဲ့ဒီမိုကရေစီအစိုးရဟာ ဘယ်လိုနည်းနဲ့မှ တကယ့်အာဏာ မရနိုင်ပါဘူး။” အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) တွေနဲ့ တိုင်းနဲ့ပြည်နယ်တ၀န်းက လွှတ်တော်ကိုယ်စားလှယ်တွေအကြား လုပ်ပိုင်ခွင့်တွေက သဲသဲကွဲကွဲရှိလား။ ဘာတွေကို ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့်ရှိလဲ၊ ထွေအုပ်က ဘာတွေကို လုပ်ပိုင်ခွင့်ရှိလဲ။ အုပ်ချုပ်ရေးပိုင်းမှာ ဒွေးရောယှက်တင်ဖြစ်မလား။ “ဒွေးရောယှက်တင်မဖြစ်ဘူး၊ ရှင်းရှင်းလင်းလင်းလေးပဲ။ အဓိကအုပ်ချုပ်နေတာ ထွေအုပ်ပဲ။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့လွှတ်တော်အမတ်တွေက သူက အကြံပေးယုံပဲရှိတယ်လေ။ အကြံပေးယုံပဲရှိတယ်ဆိုတဲ့အခါကျတော့ ထွေအုပ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကို အဓိကတာဝန်ခံ အဆင့်မြင့်ပုဂ္ဂိုလ်များကို အခုဘေးမှာ အမတ်ဆိုတဲ့ပုဂ္ဂိုလ်တွေက ဖြုတ်ခွင့်၊ ခန့်ခွင့်မရှိဘူး။ တကယ်တမ်း ဖြုတ်ခွင့်၊ ခန့်ခွင့်ရှိတာ ကာချုပ်ဆီမှာပဲ ရှိတယ်။ အဲဒီလိုရှိသွားတဲ့အတွက် သူတို့ နာခံမှာက ရွေးကောက်ပွဲနည်းအရ ဒီမိုကရေစီနည်းကျတက်လာတဲ့ အမတ်တွေကိုမဟုတ်ဘူး။ သူတို့ကို ဖြုတ်ခွင့်၊ ခန့်ခွင့်ရှိတဲ့သူကိုပဲ နာခံတာဖြစ်တယ်။ ဒါကြောင့် အဓိက ဒီနေ့တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်နေတာက ထွေအုပ်တွေပဲ။” မဏ္ဍိုင် ၃ ခုမှာ အုပ်ချုပ်ရေးမဏ္ဍိုင်က တပ်မတော်ကာချုပ်လက်ထဲမှာရှိတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကျတော့ တရားသူကြီးချုပ်အပြောင်းအလဲမရှိတော့ အရင်ပုဂ္ဂိုလ်တွေ လက်ထဲမှာပဲ ရှိတယ်။ အနိုင်ရအမတ်တွေတာဝန်က ဥပဒေပြုရေမဏ္ဍိုင်တခုပဲရှိပြီးတော့ တိုင်းပြည်စီးပွား၊ ဖွံ့ဖြိုးတိုးတက်ရေးပဲ လုပ်ခွင့်ရှိတယ်ဆိုတဲ့သဘောလို့ ပြောလို့ရလား။ “အများကြီးမှန်တယ်။ နောက်ပြီးတော့ ဥပဒေပြုရေးမှာတောင်မှ ဥပဒေပြုရေးမှာ တကယ်တမ်းလုပ်ခွင့်မရှိနိုင်ဘူး။ စဉ်းစားကြည့်ပါ ဒါက ပကတိအခြေအနေကို ပြောတာပါ၊ ကျနော်တို့က ဘေးထိုင်ဘုပြောမဟုတ်ပါဘူး။ ရှိနေတဲ့ Legal တည်ဆဲမူဘောင်ပေါ့၊ ဥပဒေဘောင်ရှုထောင့်က ပြောခြင်းဖြစ်တယ်။ ကဲဟုတ်ပြီ၊ မတရားတဲ့ဥပဒေတခုကို ရုပ်သိမ်းတော့မယ်ပဲ အဆိုပြုလိုက်တယ်ဆိုကြပါစို့၊ ခုန ပြောသလို ၁၉၀၈ မတရားသင်းဥပဒေကိုပဲဖြစ်ဖြစ်၊ ၁၉၇၅ နိုင်ငံတော်လုံခြုံရေးဥပဒေပဲဖြစ်ဖြစ်၊ ၁၉၂၃ ခုနှစ် State Secret Act တိုင်းပြည်လျှို့ဝှက်ချက်ဥပဒေပဲဖြစ်ဖြစ် ရုပ်သိမ်းဖို့ အဆိုပြုလိုက်တယ်ပဲ ဆိုကြပါစို့၊ အဲဒီအခါမှာ စစ်ဗိုလ်တမတ်သား တပ်မတော်သား ၄ ပုံ ၁ ပုံကနေပြီးတော့ ဒါက ပညာပြတော့မယ်လေ။ ထပြီး ကန့်ကွက်ကြ တော့မယ်။ ဒီကြားထဲမှာ တခြားပါတီငယ်လေးတွေလည်းရှိတယ်၊ ထပြီးကန့်ကွက်ကြလိမ့်မယ်။ ပိုဆိုးတာက ဘာလဲဆိုတော့ ခုန အုပ်ချုပ်ရေးကဏ္ဍမှာ တကယ်တမ်းအာဏာမရှိသော်လည်းပဲ တကယ်တမ်းအာဏာမရှိတဲ့ အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့ကိုတောင်မှ အန်အယ်လ်ဒီအစိုးရ၊ နောက်တက်လာတဲ့အစိုးရက ကာချုပ်နဲ့ ညှိကြရမယ်။ ကာချုပ်က သဘောတူညီချက် မပေးသမျှကာလပတ်လုံး ဘယ်ဥပဒေအဟောင်းကိုမှ သူဖျက်လို့ရမှာမဟုတ်ဘူး။ အုပ်ချုပ်ရေးကဏ္ဍမှာ နောက်တက်လာမယ့်အစိုးရကို သူက လည်ပင်းညှစ်ထားမှာ။ အဲဒီတော့ နောက်တက်လာတဲ့ ဒီမိုကရေစီနည်းက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့အစိုးရက လွှတ်တော်ထဲမှာ သူတို့လုပ်ချင်ရာ လုပ်ခွင့်မရအောင် အုပ်ချုပ်ရေးကဏ္ဍကနေ လှမ်းပြီးတော့ ချုပ်ကိုင်ထားမှာ ရာနှုန်းပြည့် သေချာပါတယ်။” နိုင်ငံတ၀န်း ထောက်ခံမှုရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ် သက်ရှိထင်ရှားရှိနေချိန်မှာ ခုနထောက်ပြချက်တွေကို ဥပဒေအရမဟုတ်ရင်တောင် နိုင်ငံရေးအရ သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ်နဲ့ ညှိနှိုင်းဖြေရွင်းသွားလို့မဖြစ်နိုင်ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှုမပေးနိုင်ဘူးလား။ ဘယ်လိုမြင်လဲ။ “ယုံကြည်မှုပေးနိုင်ပါတယ်။ ယုံကြည်မှုပေးလို့ပဲ လူထုက အခု တကယ့်ကိုပဲ နောက်ထပ် အကြီးအကျယ် မဲပုံပေးလိုက်တာပဲ။ ဒါ ယုံကြည်မှုပေးနိုင်တဲ့ ပြဿ နာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို ယုံကြည်မှုမျိုးက ၁၉၉၀ တုန်းကလည်း ပေးခဲ့တာပဲ၊ စဉ်းစားကြည့်ပါ။ ဒါပေမယ့် အဲဒီလို ယုံကြည်မှုမျိုး ဒုတိယအကြိမ် ထပ်ရတဲ့အခါမှာ ၁၉၉၀ တုန်းကလိုပဲ ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အခုက ၁၉၉၀ တုန်းကထက် ပိုဆိုးတယ်။ ၁၉၉၀ တုန်းက ဘာ Constitution မှ မရှိတော့ဘူး။ အခုက Constitutional Framework ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဘောင်ကြီးက အကြီးအကျယ်ခတ်ထားလိုက်ပြီ။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့ တခြားဥပဒေများဘောင်ကလည်း အကြီးအကျယ် ခတ်ထားလိုက်ပြီ။ ဒီအထဲကနေပြီးတော့ မြော့မြော့လေးလှုပ်ရှားမယ်ဆိုတာမျိုးနဲ့ သွားလို့ကတော့ ယုံကြည်မှုက ပြန်ပျက်မှာပဲ။ အဲဒီတော့ ကနေ့လူထုကပေးတဲ့ ယုံကြည်မှုကို ရဲရဲတင်းတင်းကိုင်ပြီးတော့ တကယ့်တိုင်းပြည်ရဲ့ အခြေခံအပြောင်းအလဲ၊ ခုန ကျနော်ပြောတဲ့ အပြောင်းအလဲ ၄ ခုပေါ့ဗျာ Constitutional Change, Legal Change, Policy Change, Institutional Change ဒီ ၄ ခုကို ပြတ်ပြတ်သားသားကိုင်သွားနိုင်ဖို့ ဖြစ်နေတဲ့တိုင်းပြည်ရဲ့ ပကတိတည်ရှိနေတဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချပြဖို့လိုတယ်။ ဒါက တိုင်းပြည်ရဲ့တကယ့်အကျပ်အတည်း Deadlock ပဲ၊ ရှေ့ကို တကယ်သွားတဲ့အခါ အခက်အခဲဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုး အောက်မှာ ဘယ်တော့မှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူး။ တိုင်းရင်းသားအခွင့်အရေးအတွက် တည်ဆောက်ဖို့ ဘယ်နည်း မှ မရနိုင်ဘူး။ ဒါကို ပွင့်ပွင့်လင်းလင်းချပြပြီး ပွင့်ပွင့်လင်းလင်း စစ်တပ်ကို ကမ်းလှမ်းရမှာဖြစ်တယ်။ ကဲ ဒိုင်ယာ လော့ခ်လုပ်ကြမယ်၊ ဆွေးနွေးကြမယ်၊ ကျုပ်တို့မှာ အာဏာရှိသွားပြီ၊ ဒီအာဏာရှိတယ်။ ဒီအခွင့်အရေးရှိတယ် လူထုက အပ်နှင်းထားတဲ့ ဟာတွေရှိတယ်။ နိုင်ငံတကာကို တင်ပြ ကဲဝင်လာ ကူညီပေးပါ၊ ဆိုတဲ့အခါမှာ တကယ့်စစ်မှန်တဲ့ ဒိုင်ယာလော့ခ်တွေကို ခေါ်လိုက်ရမယ်။ ကျနော်တို့ အကြံပြုချင်တာက ဒါ။ အဲဒီတော့ တဖက်က တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေနဲ့ တခြားပါတီ တွေ နိုင်ငံရေးအင်အားစုတွေကတဘက်၊ စစ်ဗိုလ်ချုပ်အဟောင်းတွေ အသစ်တွေပါတဲ့ တပ်မတော်နဲ့ အရင်အင် အားစုဟောင်းတွေက တဘက်၊ နောက်တခါ တတိယအင်အားစုဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကတဖက် ဒီဘက် ၃ ဘက်ပါတဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြန်ကျင်းပဖို့ကိုလိုတယ်။ လက်ရှိတည်ဆဲ Legal Framework, Constitutional Framework ကို ဘေးဖယ်ထားလိုက်ပြီးတော့ ပြတ်ပြတ်သားသား ပြန်ကျင်းပပြီးတော့မှ တကယ့်အခြေအမြစ်ကျတဲ့ ပြောင်းလဲမှုကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖော်နိုင်တဲ့အခါကျတော့မှ တကယ့် Change ဆိုပြီး ပြောလို့ရမှာဖြစ်ပါတယ်။ သို့မဟုတ်လို့ရှိရင်တော့ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်ကို စစ်အာဏာရှင်စနစ်က ခန့်လိုက်တဲ့အစိုးရလေးအဖြစ်နဲ့ လုပ်ရင်းနဲ့ အသက်ကြီးပြီး အိုသေသွားနိုင်တယ်။ ကျနော်တို့မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်တဲ့အတောအတွင်းမှာ ဗြိတိသျှက ခန့်ထားတဲ့ နန်းရင်းဝန် ဂဠုန်ဦးစောအဆင့်လောက်နဲ့ပဲ ဇာတ်လမ်းသိမ်းသွားဖို့ပဲ များပါတယ်။” ပေါ်ပေါက်လာမယ့် အမျိုးသားလွှတ်တော်က မြန်မာပြည်တိုင်းရင်းသားပြသနာကို ဘယ်လောက် ထိတွေ့ကိုင်တွယ်နိုင်မလဲ။ “အမျိုးသားလွှတ်တော်သက်သက်တခုတည်းနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ခုန ပြောသလို ဖွဲ့စည်းပုံပြောင်းဖို့က လွှတ်တော်အပြင်ထွက်လုပ်မှရမယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲမှာ သတ်မှတ်ပေးထားတဲ့ အမျိုးသားလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာဆိုတဲ့ ဟာမျိုးနဲ့ကတော့ ဘာမှလုပ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်ကို သူကျော်လို့မရလို့ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားလို့ကတော့ ဘယ်တော့မှ ဖက်ဒရယ်ဆိုတာ လက်တွေ့ ဖြစ်မလာနိုင်ဘူး။ ဒါကြောင့် အမျိုးသားလွှတ်တော်သက်သက် ကွက်စဉ်းစားခြင်းဟာ လက်တွေ့သဘာဝ လုံးဝမကျဘူး။ အခြေခံအားဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်မယ့် ဘယ် Law ကိုမှ ဘယ်ဥပဒေကိုမှ အမျိုးသားလွှတ်တော်က ပြဌာန်းခွင့် ပေးမှာမဟုတ်ဘူး။ အဲဒီတော့ အစကနေ ပြန်ကောက်ရမယ်။ ဘာပြန်ကောက်ရမလဲဆိုရင် အမျိုးသားလွှတ် တော်က ကမကထလုပ်စေချင်တယ်ဆိုရင် စပေးလိုက်ဖို့လိုတယ်။ အဲဒါက ဘာလဲဆိုတော့ ပင်လုံစာချုပ်ကို အတည်ပြုတဲ့ဥပဒေ ဒီလိုမျိုး တခုခုပေါ့ အဲလို စလိုက်ဖို့လိုတယ်။ အဲဒီအခါမှာ လူထုက Debate (ဆွေးနွေးမှု) တွေဖြစ်လာမယ်။ စဉ်းစားကြည့်ပါ ဘယ်လောက်ကြေကွဲစရာကောင်းလဲ၊ ဒေါ်အောင်ဆန်းစုကြည် ထပ်ကာ ထပ်ကာ ပြောတယ်၊ ‘ကျမအဖေ၊ ကျမဖေဖေ’။ အဲတော့ ကျမဖေဖေ ကျမဖေဖေချမှတ်တဲ့မူဝါဒတွေကို တကယ် တမ်းလိုလားနှစ်သက်မြတ်နိုးတယ်ဆိုရင် ပင်လုံစာချုပ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်း ချသွားတဲ့စာချုပ်ပဲ၊ ဒီစာချုပ်ရဲ့တရားဝင်မှုကို အတိအကျအတည်ပြုပေးရမှာပေါ့။ ဒီစာချုပ်ကို နောက်ခံပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကနေပြီးတော့မှ ခွဲထွက်ရေးကို အာမခံချက်ပေးထားတာပဲ။ ကျုပ်တို့ဗမာတွေက ၁၀ နှစ်နေလို့မှ ခွဲမထွက်ချင်အောင် မလုပ်နိုင်ရင်တော့ ခွဲထွက်ကြပစေပေါ့ဗျာဆိုတာ ဒါ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောသွားခဲ့တာပဲ။ ဒီအခြေခံပေါ်ကနေ ပင်လုံစာချုပ်ပေါ်လာတာပဲ။ ကနေ့ ပင်လုံစာချုပ်ကို ဖေဖေ့ကို အင်မတန်ချစ်ပါတယ်ဆိုတဲ့ သမီးဖြစ်သူက ဥပက္ခာ ပြုထားလိုက်ပြီ။ ပင်လုံစာချုပ်အနှစ်သာရကို ဘယ်လိုမှ အကောင်အထည်မဖော်တော့ဘူး။ Quantification (ဥပဒေကြောင်းအရ) မလုပ်တော့ဘူး Legal ဘက်က မစဉ်းစားတော့ဘူး။ ကဲ ဒါဖြင့်ရင် ခုန မီဒီယာဆရာအမေးကို တခွန်းပဲဖြေမယ်၊ တကယ်အမျိုးသားလွှတ်တော်က တကယ်လုပ်ချင်သလား၊ ကနေ့ ပင်လုံစာချုပ်ကို ဥပဒေအရ အတည်ပြုလိုက်ပါ။ ပြုပေးကြည့်ပါ၊ ပြုပေးဖို့ ကြိုးစားတယ်ဆိုရင်ကို ကျနော်တို့က ဒါကို အသိအမှတ်ပြုရမယ်။ ဒါပေမယ့် ကျနော်ပြောချင်တာက မရနိုင်ဘူး။ ဒီအမျိုးသားလွှတ်တော်တခုတည်းနဲ့ မရနိုင်ဘူး။ ကျိုးစားချင်တယ်ဆိုရင် ဒီလိုမျိုး ကျိုးစားခြင်းဟာ တိုင်းရင်းသား တွေရဲ့အခွင့်အရေးကို အာမခံချက်ပေးရာရောက်တယ်။ ဒါကို ကျနော်ပြောချင်တာဖြစ်တယ်။” ဦးအောင်ထူးပြောကြားချက်အရ လွှတ်တော်ထဲက ကျိုးစားရင် အားကုန်မယ့်သဘောဖြစ်တော့ လွှတ်တော်ပြင်ပမှာ ကိုင်တွယ်ရမယ်ဆိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေ ဘယ်လိုရုန်းကန်ရမလဲ။ သူတို့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။ “အရပ်ဖက်အဖွဲ့အစည်းတွေက သိပ်အရေးကြီးတာပေါ့ဗျာ။ ဒါပေမယ်လို့ အစိုးရတည်ထောင်ထား တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံလမ်းအတိုင်းသွားမယ့် အရပ်ဖက် အဖွဲ့ဆိုတဲ့ အဖွဲ့အစည်းတွေဆိုရင်တော့ ဘာမှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ခုန ကျနော်ပြောခဲ့သလို တခုလုံးကို ခြုံမြင်မယ်၊ Legal Framework ဥပဒေဘောင်တခုလုံးကို နားလည်မယ်၊ နောက်တခုက တဦးချင်းပြည်သူလူထုနဲ့ အုပ်စုလိုက်အခွင့်အရေးဖြစ်တဲ့ တိုင်းရင်းသား အခွင့်အရေးကို နားလည်တဲ့အခြေခံ၊ သမိုင်းကြောင်းအခြေခံနဲ့ ချဉ်းကပ်မယ်ဆိုရင် တကယ့် Change ကို သွားရမယ်။ တကယ့် အပြောင်းအလဲသည် လွှတ်တော်ထဲက မဖြစ်နိုင်ဘူး။ လွှတ်တော်ထဲက သွားတဲ့လမ်းကြောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူတည်ထားတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးပဲဖြစ်မယ်။ ဒါကိုလည်းပဲ ကျနော်တို့ စစ်မှန်တဲ့ လူထုအသင်းအဖွဲ့တွေ၊ ခေါင်းဆောင်တွေက တကယ်တမ်းနားလည်မယ်ဆိုရင် ဒီကနေ့အချိန်မှာ ဖိအားကြီးကြီး ပြန်ပေးလို့ရှိရင် စစ်မှန်တဲ့ ဒိုင်ယာလော့ခ် တွေ့ဆုံဆွေးနွေးမှုတရပ်၊ သုံးပွင့်ဆိုင် ဆွေးနွေးမှုတရပ် ဖြစ်သွားမယ်ဆိုရင်တော့ တိုင်းပြည်ဟာ တကယ် တမ်းအပြောင်းအလဲတခု ဖြစ်သွားနိုင်ပါတယ်။ ဒါကလည်း လူထုအသင်းအဖွဲ့တွေကသာ အားကျိုးမာန်တက် ကြိုးစားကြ ပြီးတော့ လူထုတရပ်လုံးက ဖိအားပေးမယ်ဆိုရင် ယနေ့အချိန်က အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့အချိန်ပါ။” စောင့်ကြည့်တဲ့လူတချို့ ပြောတာက လွှတ်တော်ပြင်ပမှာဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ၊ အရပ်ဖက်လူထုအခြေပြုအဖွဲ့တွေ ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့လမ်းကြောင်းကို တဖြည်းဖြည်း နဲ့ ရွေ့သွားနိုင်တယ်၊ ကျိုးစားသွားနိုင်တယ်လို့ ပြောတယ်။ ဦးအောင်ထူး သဘောတူလား။ “ဒါကို ကျနော် ရာနှုန်းပြည့် ဆန့်ကျင်တယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားပြီးလုပ်သွားရမယ်ဆိုတာက အခုမှပေါ်တဲ့ အိုင်ဒီယာမှ မဟုတ်ဘဲဟာ။ ၂၀၁၁ မှာ စပြီးတော့ အုပ်ချုပ်ရေး ယန္တရားသစ်ဆိုတာကို စလည်ပတ်ကတည်းကိုက ၂၀၀၈ ဘောင်ထဲက သွားချင်တဲ့ပုဂ္ဂိုလ်တွေ ကြွေးကြော်ခဲ့တာ ပဲ။ အခု ၅ နှစ်ရှိပြီ ပြန်စဉ်းစားကြည့်ပါလား။ လွှတ်တော်တွင်း၊ လွှတ်တော်ပ ပေါင်းလုပ်ကြမယ်ဆိုတာက လုံးဝ အလုပ်မဖြစ်ပါဘူး။ ဘာတခုမှ အလုပ်မဖြစ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာကြောင်းလေးတကြောင်းတောင် မပြင်နိုင်ပါဘူး။ ဘယ်မူဝါဒအသစ်ကိုမှ ချမှတ်ကျင့်သုံးနိုင်ခြင်းမရှိပါဘူး။ ဒီလိုပဲ ကျနော်ဖြေချင်ပါတယ်။” ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ခြုံငုံပြောကြားပေးပါလား။ “တစုံလုံးအခြေအနေကတော့ တိုင်းပြည်နဲ့ လူထုအတွက် အခွင့်အလမ်းနဲ့ အခြေအနေကောင်းတွေ ရနိုင်တဲ့အနေအထား ရှိသော်ငြားလည်းပဲ လူထုရဲ့အခွင့်အာဏာ အပ်နှင်းခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ပြတ်ပြတ်သားသားနဲ့ အခြေအနေတခုလုံးရဲ့ အမှတ်ကို မြင်ပြီးတော့ လူထုကို ဦးဆောင်သွားနိုင်စွမ်း ရှိမယ်ဆိုရင်တော့ တကယ့်အပြောင်းအလဲက ဖြစ်နိုင်ပါတယ်ပဲ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024