စီးနင်းတိုက်ခိုက်မှုအတွင်း ရာဇ၀တ်ဂိုဏ်းသား ၂၂ ဦး ဖမ်းဆီးနိုင်ဟု မက္ကဆီကို ပြော

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်-မက္ကဆီကို နယ်စပ်နားက မက္ကဆီကိုနိုင်ငံထဲမှာ ရဲတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း အားကောင်းတဲ့ စီနာလိုအာ ရာဇဝတ်ဂိုဏ်းက ဂိုဏ်းသား ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မက္ကဆီကို အမျိုးသားလုံခြုံရေး ကော်မရှင်နာမင်းကြီး ရေနာတို စားလက်စ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ စီးနင်းမှုအတွင်း ဂိုဏ်းသား ၂ ဦး သေဆုံးပြီး  ဂိုဏ်းသားတွေဘက်က လက်နက်ချခဲ့ပြီးတဲ့နောက် ဆေးခြောက်ကီလို ၂၅၀၊ သေနတ် ၁၈ လက်ကို သိမ်းဆည်းရမိတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်နဲ့ မက္ကဆီကို အာဏာပိုင်တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးအတွင်း ဒီဂိုဏ်းကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့တယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် အာဏာတည်ရေးအဖွဲ့ (အိုင်စီအီး) က ပြောပါတယ်။ မူးယစ်ဆေးနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်ကူးနေတဲ့ လက်နက်ကိုင်အုပ်စု ခိုလှုံနေတဲ့ အဆောက်အဦတလုံးကို ဇန်န၀ါရီ ၂၉ ရက်နေ့က မက္ကဆီကို ပြည်ထောင်စုရဲတွေက မြေပြင်ရော ဝေဟင်ကပါ ဝိုင်းထားချိန်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ မက္ကဆီကို မူးယစ်ဂိုဏ်းသားတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေ နယ်စပ်ဖြတ်ချိန်မှာ မူးယစ်ဆေးပမာဏ နည်းနည်းကို ကုန်ကူးဖို့ ပေးလိုက်လေ့ရှိတယ်လို့ လူသိများပါတယ်။ သူတို့က မြေအောက်ဥမင်တွေနဲ့ ကုန်ပစ္စည်းတွေကို သင်္ဘောတင်ပို့မှုတွေကနေ တဆင့် အမေရိကန်နိုင်ငံတွင်း မူးယစ်ဆေးတွေ အမြောက်အမြား တင်ပို့လေ့ရှိပါတယ်။ ပူးတွဲစစ်ဆင်ရေးဟာ နှစ်စဉ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ ဒေါ်လာ ဘီလျံချီ တန်တဲ့ မူးယစ်ကုန်ကူးမှုအတွက် မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းရေး အမေရိကန်နဲ့ မက္ကဆီကို အစိုးရတွေကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်ဆံရေး ပိုတိုးလာတဲ့ သက်သေပါ။ ဒီစစ်ဆင်ရေးကြောင့် အစိုးရက ထိပ်တန်းဦးစားပေးအဖြစ် လိုချင်နေတဲ့ မူးယစ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ ဂိုဏ်းသား ၁၂၂ ဦးထဲက ၉၉ ဦးကို ဖမ်းဆီးခဲ့ပြီးပြီလို့ မက္ကဆီကို အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up