ကိုလံဘီယာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀၀၀ ကျော် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ

ကိုလံဘီယာနိုင်ငံမှာ တပတ်အတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၂ ဆ တိုးလာတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ဇန်န၀ါရီ ၃၀ ရက်နေ့က ပြောပါတယ်။ ကိုလံဘီယာနိုင်ငံအ၀န်း ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ၂ သောင်းကျော်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ထောင်ကျော် ကူးစက်ခံနေရပြီလို့ ကိုလံဘီယာ အမျိုးသားကျန်းမာရေးဌာနက ပြောဆိုတာပါ။ ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်နဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဦးနှောက် ပုံမှန်လောက် မဖွံ့ဖြိုးဘဲနဲ့ မွေးဖွားလာကြ တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဒီဇီကာဗိုင်းရပ်စ်ဟာ ကြောက်ခမန်းလိလိ ကူးစက်ပြန့်ပွားနေတယ်လို့ သတိပေးထားပြီး အခုနှစ်အတွင်း ကူးစက်ခံရသူ ၄ သန်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီဇီကာဗိုင်းရပ်ကူးစက်ရောဂါကို ကမ္ဘာ့ပေါ် အရေးပေါ်အခြေအနေကြေညာသင့်၊ မသင့်ကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ WHO က ဆွေးနွေးဖို့ရှိပါတယ်။ လောလောဆယ် ဘရာဇီးနိုင်ငံမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။ နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေပြီး ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ပထမဆုံး ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up