ကံကောင်းချမ်းသာစေသည်ဟု ယူဆကြသည့် ထိုင်းနိုင်ငံမှ နတ်သူငယ်အရုပ် (ရုပ်သံ)

ထိုင်းနိုင်ငံထဲမှာ လွတ်ခ်သဲ့ပ်လို့ ခေါ်တဲ့ ရာဘာနဲ့လုပ်ထားတဲ့ နတ်သူငယ် အရုပ်လေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ခေတ်စားလာနေပါတယ်။ သက်ဝင်ယုံကြည်သူတွေက မွေးကင်းစ ကလေးအရွယ် အရုပ်တွေကို ဝယ်ပြီး အရုပ်တွေမှာ တစ္ဆေတွေစီးနေအောင် ဖိတ်ခေါ် အသက်သွင်းနေကြတာပါ။ ဒီလိုလုပ်ထားတဲ့ အရုပ်တွေကို လူသားစစ်စစ် ကလေးငယ်ကို ပြုစုသလို ပြုစုခြင်းအားဖြင့် သူတို့အတွက် ကံကောင်း ချမ်းသာစေမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအလားအလာဟာ ထိုင်းနိုင်ငံအတွင်း စီးပွားရေးအတွက် ရုန်းကန်နေရတယ်ဆိုတာကို ပြနေတယ်လို့ တချို့က ပြောပါတယ်။ တချို့ အရုပ်ပိုင်ရှင်တွေကတော့ အရုပ်တွေကို ဘုရားကျောင်းတွေဆီ ယူသွားကြပြီး အရုပ်တွေထဲကို စွမ်းအင်တွေ သွင်းပေးဖို့ ဘုန်းတော်ကြီးတွေကို တောင်းဆိုကြပါတယ်။ ဘူအာခွမ် ဘုန်းတော်ကြီးကျောင်းက အသက် ၆၄ နှစ်အရွယ် ဘုန်းတော်ကြီး ဖရာ့ ဝီနိုင်း သစ်ဒါပညောကတော့ ကလေးရုပ်ကို မွေးချင်တဲ့သူတွေ ဘာဒုက္ခရှိလို့လဲလို့ မေးခဲ့တယ်၊ ပြီးရင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရအောင် တရားဟောပေးတယ်လို့ ပြောပါတယ်။ မနှစ်တည်းက ခုထိ အရုပ်ပေါင်း ၃ သောင်းကျော်အတွက် တရားဟောပေးခဲ့ရပြီးပြီလို့လည်း ပြောပါတယ်။ အရုပ်တရုပ်ကို ထိုင်းဘတ်ငွေ ၁၅၀၀ ကနေ ၃ သောင်းထိ ဈေးနှုန်းအစားစားနဲ့ ရောင်းချနေကြပါတယ်။ အရုပ်ဈေးကွက်ကတော့ ကောင်းကောင်းကြီး စတင်နေပါပြီ။ ထိုင်းအဲဝေး လေကြောင်းလိုင်းက အရုပ်တွေသယ်လာတဲ့ ခရီးသည်တွေကို အရုပ်အတွက် မုန့်တွေနဲ့ ဧည့်ခံမှာဖြစ်ပြီး ဝန်ဆောင်ခလည်း ယူမယ်လို့ ပြောပါတယ်။ ဘန်ကောက်က နီတာဂရေး စားသောက်ဆိုင်ကလည်း အရုပ်တွေအတွက် စားစရာတွေကို ကြော်ငြာနေပြီး ကလေးတွေအတွက် သတ်မှတ်တဲ့ဈေးနဲ့ ရောင်းချမယ်လို့ ပြောပါတယ်။ ဗုဒ္ဓဘာသာဝင် လူများစုဖြစ်ပြီး လူဦးရေ ၆၆ သန်းရှိတဲ့ ထိုင်းနိုင်ငံဟာ အမြန် ခေတ်မီ တိုးတက်နေပေမယ့် အစွဲအလမ်းကြီးမှုတွေ ကျန်နေဆဲလို့ နိုင်ငံတကာ မီဒီယာတွေက သုံးသပ်ကြပါတယ်။ ဝိညာဉ်တွေ ဗေဒင်ပညာနဲ့ မှော်ပညာတွေအပေါ် သက်ဝင်ယုံကြည်မှုဟာ ဗုဒ္ဓဝါဒ ယုံကြည်မှုနဲ့ ယှဉ်တွဲလျက် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up