တာ့ခရိုင်အတွင်းရှိ မြန်မာအလုပ်သမားများထံမှ အခွန်ကောက်မည်ဟု ခရိုင်ဝန်ပြော
DVB
·
July 26, 2011
တာ့ခရိုင်အတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဆီက အခွန်ကောက်ခံမယ်လို့ တာ့ခရိုင်ဝန်က ထိုင်းမီဒီယာတွေကို ပြောကြားပါတယ်။
တာ့ခရိုင်က မဲဆောက်မြို့ကို အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက်ရာမှာ တခြားစီမံကိန်း ၄ ခုအပြင် မြန်မာအလုပ်သမားတွေဆီက အခွန်တွေ ကောက်ခံဖို့ပါရှိကြောင်း တာ့ခရိုင်ဝန် မစ္စတာ စံမလွိုင်ဖားက ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်အုပ်ချုပ်ရေးဌာန အာဏာပိုင်များ အစည်းအဝေးကနေ မီဒီယာတွေကို ပြောကြားလိုက်တာပါ။
[caption id="attachment_13258" align="alignright" width="310" caption="တာ့ခရိုင်ဝန် စံမလွိုင်ဖား (ဓာတ်ပုံ - www.manager.co.th)"][/caption]
ဒီစီမံကိန်းကြီး တိုးတက်အောင်မြင်ဖို့အတွက် တာ့ခရိုင်ကနေ မဲဆောက်မြို့တော်ကြီးကို အထူးအုပ်ချုပ်ရေး စံပြနယ်မြေ စီးပွားရေးဇုန်အဖြစ် ဒေသအုပ်ချုပ်ရေးအဖွဲ့ တည်ဆောက်ရေးစီမံကိန်း၊ သဘာဝသစ်တောနဲ့မြစ်ချောင်းများ ထိန်းသိမ်းရေးစီမံကိန်း၊ နိုင်ငံတကာ တက္ကသိုလ်ကျောင်းကြီးတခု တည်ဆောက်ရေးစီမံကိန်းနဲ့မြန်မာအလုပ်သမားပြဿနာ ကိုင်တွယ်ရေး စီမံကိန်းတို့ကို ချမှတ်လုပ်ဆောင်သွားမယ်လို့ခရိုင်ဝန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်လောက်ကနေ ခုချိန်အထိ ထိုင်းအစိုးရရဲ့ မြန်မာအလုပ်သမားအရေးကိုင်တွယ်မှုဟာ ခရီးမတွင်ခဲ့တဲ့အပြင် ပြဿနာတွေဟာ နယ်စပ်မှာသာမက ပြည်တွင်းအထိပါ တိုးတက်ပျံ့နှံ့ လာနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် သူတို့တာ့ခရိုင်က ချမှတ်လုပ်ဆောင်မယ့် စီမံကိန်းက တပ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမားတွေဆီက အခွန်အကောက တွေရမယ့်အပြင် မြန်မာအလုပ်သမားလူဦးရေ အမှန်ဘယ်လောက်ရှိနေတယ်ဆိုတာကိုလည်း အသေအချာ စိစစ်နိုင်မယ်လို့ စံမလွိုင်ဖားက ထိုင်းမီဒီယာတွေကို ပြောပါတယ်။
ခရိုင်ဝန်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ထိုင်းသတင်းထောက်တဦးက "တာ့ခရိုင်ဝန်ဟာ ထိုင်းအစိုးရအဟောင်းကနေ အသစ်ကိုမကူးပြောင်းခင် လစ်ဟင်းနေတဲ့ ကာလစပ်ကြားမှာ မဲဆောက်မြို့တော် အထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်မြောက် အောင်မြင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့သဘောပဲဗျ" လို့ ပြောပါတယ်။
အခုလို အခွန်ကောက်ခံမယ်ဆိုရင် မြန်မာအလုပ်သမားတွေအတွက် အခက်အခဲတွေ တိုးလာမယ်လို့မဲဆောက်မြို့က မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုမိုးကြိုးက ပြောပါတယ်။
“ကျနော်တို့ ဒီတာ့ခရိုင်မှာ မြန်မာအလုပ်သမားရှိတာက မဲဆောက်မှာ ၂ သိန်း၊ တာ့ခရိုင်တခုလုံးမှာ ၄ သိန်း ရှိတယ်။ တကယ်တမ်း အလုပ်သမားလက်မှတ် လုပ်ထားသူက ၃ သောင်းနဲ့ရ ထောင်ပဲရှိတယ်။ ဆိုလိုတဲ့သဘောက အလုပ်သမားလက်မှတ် လုပ်ဖို့တောင် လူတွေက အခက်အခဲရှိတယ်၊ အကျပ်အတည်းရှိတယ်။ လုပ်အားခနည်းတဲ့ကြားထဲမှာမှ ထိုင်းအစိုးရက အခွန်တွေကောက်မယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် တပူပေါ်နှစ်ပူဆင့်ပေါ့ဗျာ။”