ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဂျာနယ်မျက်နှာဖုံးပေါ် ဖော်ပြခွင့်ရ
ရွှေအောင်
·
July 26, 2011
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံတဲ့ သတင်းဓာတ်ပုံကို ဒီနေ့ထုတ် ဂျာနယ်အတော်များများရဲ့ မျက်နှာဖုံးမှာ ဖော်ပြခွင့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တဲ့ပုံကို ဦးအောင်ဆန်းဦး တက်ရောက်တဲ့သတင်း ဓာတ်ပုံနဲ့ အတူ စတင်ဖော်ပြခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ထုတ် ပြည်သူ့ခေတ်၊ ပြည်မြန်မာ၊ ရန်ကုန်တိုင်းမ် စတဲ့ဂျာနယ် မျက်နှာဖုံးတွေမှာလည်း ဖော်ပြခွင့်ရခဲ့တာပါ။
အခုလို ဖော်ပြခွင့်ပေးတာနဲ့ ပတ်သက်ပြီး စာရေးဆရာ၊ အယ်ဒီတာ ဆရာကျော်ရင်မြင့်က “အင်မတန်မှ ဝမ်းမြောက်စရာကောင်းတဲ့ ကြိုဆိုစရာ တခုလို့ မြင်ပါတယ်။ အဲဒီလို ခွင့်ပြုချက်ပေးတာ အမြဲတမ်း ဖြစ်နေဖို့တော့ လိုတယ်။ လိုတဲ့အခါပေးလိုက်၊ မလိုတဲ့အခါ ပြန်ထုတ်သွားလိုက်ဆိုရင် နည်းနည်း အထင်မြင်လွဲစရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုခွင့်ပြုမယ်ဆိုရင် တလျှောက်လုံးပဲ ဒီလို လွတ်လွတ်လပ်လပ်ကြီး ခွင့်ပြုတာ ကျနော်တို့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတုန်းက ဓာတ်ပုံတွေကို အချပ်ပိုအဖြစ် ထည့်သွင်းခွင့်ပြုခဲ့ပြီး၊ ဂျာနယ်တွေက အဖုံးတင်ထုတ်ဝေခဲ့လို့ ဂျာနယ် ၉ စောင် ခေတ္တအပိတ်ခံခဲ့ရ ဖူးပါတယ်။
အဲ့ဒီနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ဂျာနယ်တွေရဲ့ အတွင်းစာမျက်နှာတွေမှာ ဖော်ပြခွင့်ပေးလိုက်၊ မပေးလိုက် လုပ်ခဲ့တာပါ။