Homeမြန်မာသတင်း
ရေကြီးမှု ထပ်မံဖြစ်ပေါ်ခြင်း ရှိမရှိ သုံးရက်အတွင်း အဆုံးအဖြတ်ဖြစ်မည်ဟု ပညာရှင်ပြော
ရေကြီးမှု ထပ်မံဖြစ်ပေါ်ခြင်း ရှိမရှိ သုံးရက်အတွင်း အဆုံးအဖြတ်ဖြစ်မည်ဟု ပညာရှင်ပြော
ရွှေအောင်
·
July 26, 2011
ဒီကနေ့ကစပြီး သုံးရက်တာကာလအတွင်း နောက်ထပ်ရေကြီးမှု ဖြစ်ပေါ်ခြင်း ရှိမရှိ အဆုံးအဖြတ်ပဲလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
[caption id="attachment_13235" align="alignright" width="310" caption="မိုးလေဝသပညာရှင် ဦးထွန်းလွင် (ဓာတ်ပုံ - www.tunlwin.com)"][/caption]
“ဒီနေ့က ၂၆ ဆိုတော့ ၂၈ လောက်ထိ မိုးအားလေးတော့ လျော့တဲ့အတွက် အထိုက်အလျောက်တော့ ရေလေးဘာလေး ပြန်ကျလာနိုင်ပါတယ်။ ဒီရက်ပိုင်းမှာ၊ မိုးက သည်းသည်းထန်ထန် မရှိဘူးပေါ့။ သုံးရက်လောက်က အဆုံးအဖြတ်ပဲ။ သုံးရက်လောက်မှ ဆက်လက်ပြီးတော့ အားနည်းနေပြီဆိုရင် ရေပြဿနာလေး တစတစ လျော့နိုင်ပါတယ်။ နောက်တခေါက် မုတ်သုန်ပြန်တက်မယ် ဆိုရင်တော့ မြန်မာပြည်အောက်ပိုင်းမှာ ဖြစ်ဖြစ်၊ မိုးပြန်လိုက်လာမယ်ဆိုရင် ရေက စိုးရိမ်ရတဲ့အဆင့် ပြန်ရှိဦးမှာပါ။”
ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာတော့ မိုးရွာသွန်းမှုလျော့နည်းခဲ့ပြီး ရေကြီးတဲ့ ဒေသတွေလည်း ရေပြန်ကျနေတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ပထမပတ်ထဲ မိုးကောင်းခဲ့တာကြောင့် မိုးကြီးပြီး နောက်ဆက်တွဲ ရေကြီးတဲ့ ဖြစ်စဉ်တွေ ဒေသအတော်များများမှာ ကြုံတွေ့ခဲ့ကြရပါတယ်။
ဇွန်လအတွင်း မိုးကောင်းခဲ့တာကြောင့် ရေခံကောင်းခဲ့တာကလည်း တပိုင်းပါတယ်လို့ သိရပါတယ်။
အခုအထိကတော့ အေးပြီး စွတ်စိုတဲ့ လာနီညာရာသီဥတုဖြစ်စဉ်ရော၊ ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုဖြစ်စဉ်ရော မရှိတဲ့ ကြားနေနှစ် တနှစ်ဖြစ်နေပါတယ်။ ပုံမှန်အားဖြင့်ကလည်း ဇူလိုင်၊ ဩဂုတ်လတွေက မိုးကောင်းတဲ့လတွေ ဖြစ်ပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်ဖို့ အခြေအနေ သိပ်မမြင်ရတော့တာကြောင့် နောက်ပိုင်းမှာ ရေကြီးတာကို သတိထားရတော့မယ်လို့ မိုးလေဝသပညာရှင်က ပြောပါတယ်။