Home
မြန်မာသတင်း
ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့နှင့် ဘိန်းခင်းပိုင်ရှင်များအကြား အခြေအနေတင်းမာ
DVB
·
January 25, 2016
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနဲ့ ကန်ပိုင်တီဒေသက ဘိန်းခင်းတွေကို သွားရောက် နှိမ်နင်းဖျက်ဆီးဖို့ ပြင်ဆင်နေတဲ့ ကချင်ပြည်နယ်လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ဟာ ဘိန်းခြံပိုင်ရှင်ဘက်က လူ ၁၀၀၀ လောက် ခုခံဖို့ စောင့်ဆိုင်းနေကြောင်း သတင်းရတဲ့ အတွက် ခရီးမဆက်နိုင်ဘဲ ဖြစ်နေပါတယ်။ သူတို့ဘက်ကလည်း လူအင်အား ၁၀၀၀ ကျော်အပြင် ရဲတပ်ဖွဲ့ လုံခြုံရေးတွေပါ ပါဝင်ပေမယ့် လည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာစိုးတဲ့အတွက် ချီဖွေမရောက်ခင် ရှမ်းပျိုရွာမှာ စခန်းချ ရပ်နားထားပြီး တဘက်ကလည်း ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့  မြစ်ကြီးနားနယ်မြေ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ဆဒုန်း နဲ့ ကန်ပိုင်တီဘက်မှာ ဘိန်းခြံပိုင်ရှင်တွေက ခုခံဖို့ စောင့်နေတယ်ပေါ့လေ။ ကျနော်တို့ ကို မျက်မြင်တွေက လာပြောပြတာ သူတို့က တုတ်တွေ၊ ဓားတွေ၊ သေနတ်တွေ ပါတယ်လို့ ကျနော်တို့ သိရတယ်။ လူအင်အားလည်း တစ်ထောင်လောက်ရှိတယ်။ ဘိန်းခြံရှင်တွေ ချည်းတော့ဟုတ်ဘူး။ ရွာသားတွေကိုပါ တအိမ်တယောက် လာစောင့်ခိုင်းတယ်လို့လည်း ပြောတယ်။ အဲဒါကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်သင့်တာတွေ မဖြစ်ရအောင် သက်ဆိုင်ရာ အစိုးရလူကြီးတွေကို လုံခြုံရေးအရပေါ့လေ ပြန်ပြီးညှိနှိုင်းပြောဆိုမှုတွေ လုပ်နေတယ်။ အခု ဒီမနက်ပေါ့လေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကရော၊ ကချင်ပြည်နယ် ရဲမင်းကြီးရော သူတို့ ကိုယ်တိုင် အခြေအနေသွားကြည့်တယ်။ အခြေအနေစုံစမ်းပြီး လိုအပ်တာတွေ  အကူအညီ ပေးတယ်။ အဓိကက နောက်ထပ်လုံခြုံရေး ရဲအင်အားဖြည့်ပေးတာပေါ့။ ဒါကြောင့် မနက်ဖြန်ကျမှ ဘိန်းခင်းတိုက်ဖျက်ရေးတွေ စတင်နိုင်မယ်။” အဆိုပါဒေသမှာ ဘိန်းခင်းဖျက်ဆီးရေးလုပ်ဆောင်ဖို့ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက တကြိမ် သွားရောက်ဖို့ ပြင်ဆင်စဉ်ကလည်း လမ်းမှာ တုတ်၊ ဓားကိုင်ဆောင်တဲ့ လူအုပ်တွေ ကြောင့် မသွားရောက်ဖြစ်ခဲ့ဘဲ ပြည်နယ်အစိုးရထံ တင်ပြအကြောင်းကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုပြီး စစ်သားနဲ့ ရဲသား ၂၅ ဦးကို ဘိန်းခင်းဖျက်သူတွေရဲ့ လုံခြုံရေးအတွက် ကူညီဖို့ ခွင့်ပြုခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿ   နာတွေ  တနေ့တခြား ဆိုးရွားလာတာကြောင့် လူမှု အခြေပြုအဖွဲ့ အနေနဲ့ ဘိန်းခင်းတွေ သွားရောက်ဖျက်ဆီးဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ အခုသွားဖို့ ပြင်ဆင်နေတဲ့ ချီဖွေ၊ ကန်ပိုင်တီ၊ ၀ိုင်းမော်၊ တနိုင်း၊ အင်းတော်ကြီး၊ ဘူတာအို၊  ပန်ဝါ စတဲ့ဒေသတွေမှာ ဘိန်းခင်းဧကပေါင်း ၃ ထောင်မှ ၄ ထောင်ထိရှိပြီး တရုတ်ပြည်ဘက်က လူတွေက တောင်သူတွေကို ငွေထုတ်ပေးပြီး စိုက်ခိုင်းတာလို့ ကချင်လူမှုအခြေပြုအဖွဲ့က ပြောသွားပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒု-ဥက္ကဋ္ဌ ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဒေါက်တာတူးဂျာကတော့ 'မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အားစိုက်ထုတ်ရမှာပဲ ကျနော်တို့ ကတော့ အားပေးပါတယ်။ ဒါကို ခွင့်ပြုထားမယ်ဆိုရင်တော့ ပြည်သူအတွက် အကျိုးမရှိဘူး"လို့ ပြောပါတယ်။ ဒီအပြင် ဘိန်းတိုက်ဖျက်ရေး အစီအစဉ်ကို တနစ်တကျ စီမံကိန်းရေးဆွဲပြီးတော့ လုပ်ဆောင်သင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။ 'စီမံကိန်း ရေးဆွဲပြီးတော့ လုပ်ရမှာ၊ ပညာပေးမှုနဲ့ အစားထိုးသီးနှံ ဖြန့်ဝေပေးမှု အဲဒါ အဓိက ကျတယ်၊ ပညာပေးမှုမှာလည်း အားနည်းလို့ မရဘူး၊ တချို့ ဘိန်းစိုက် တောင်သူတွေက သူတို့ အသက်လို ဖြစ်နေတာကိုး ဒါနဲ့ပဲ ထမင်းစားနေရတယ်ဆိုတော့ ဒါပျောက်သွားမယ်။ ပျက်ဆီးခံရမယ်ဆိုရင် သူတို့ ထမင်းအိုးကွဲသွားတဲ့ ပုံစံ ဖြစ်သွားမှာပေါ့။ ဒါကို မခံချင်စိတ်နဲ့ ထလုပ်တာတွေ ရှိတာကိုး။ ဒါကြောင့်မို့လို ဒါတွေ လိုအပ်တယ်"လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024