Homeမြန်မာသတင်း
တွေ့ဆုံမှုကနေ အမှန်တကယ်အကျိုးရှိစေမည့် ရလဒ်များဖြစ်လာရန် မျှော်လင့်ဟုအဖွဲ့ချုပ်ဆို
တွေ့ဆုံမှုကနေ အမှန်တကယ်အကျိုးရှိစေမည့် ရလဒ်များဖြစ်လာရန် မျှော်လင့်ဟုအဖွဲ့ချုပ်ဆို
DVB
·
July 26, 2011
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ရဲ့တာဝန်ရှိပုဂ္ဂိုလ် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပြီး ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမယ့် ရလဒ်တွေဖြစ်လာဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
အဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားလိုက်တာဖြစ်ပြီး ဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ဒီကနေ့မှာ သီးသန့်ကြေညာချက် ထုတ်ပြန်ဖို့လည်း ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“တဦးချင်းသဘောထားအမြင်အရ ပြောရမှာပေါ့။ ကျနော့်သဘောထားကတော့ ဒီနေ့ အထွေထွေအတွင်းရေးမှူးနဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ပူးတွဲထုတ်ပြန်တဲ့အထဲမှာ ပါတဲ့အတိုင်းပါပဲ။ ဆွေးနွေးမှုအတွက် ကျနော်တို့ ကျေနပ်ပါတယ်။ ကျနော်တို့ဘက်ကတော့ အထွေထွေအတွင်းရေးမှူး ဒီကနေ့ မေးတဲ့မေးခွန်းတခုကို ဖြေသွားသလိုပါပဲ။ ကျနော်တို့က နဂိုကတည်းက ပြည်သူလူထုအကျိုးအတွက် ရှေးရှုပြီးတော့ ကျနော်တို့က အမြဲတမ်းညှိနေတာပဲ။ အခုလည်းပဲ ပြည်သူလူထုအကျိုးအတွက်ပဲ လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ အကောင်းမြင်ပါတယ်။ အကောင်းပဲ မျှော်လင့်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာ နည်းလမ်းကိုပဲ ကျနော်တို့က မျှော်လင့်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ သဘောထားပေါ့ဗျာ။ ကြေညာချက်လိုဟာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် စီအီးစီ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) ကြေညာချက်လိုဟာမျိုး ဖြစ်သွားဖို့ရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ် ဝန်ကြီးဦးအောင်ကြည်တို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ စိမ်းလဲကန်သာ ဧည့်ဂေဟာမှာတွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နှစ်ဘက်လုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆွေးနွေးဖြစ်တဲ့ထဲမှာ ပြည်သူလူထုကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီလိုဆွေးနွေးတဲ့နေရာမှာ တရားဥပဒေစိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတရားမဝင်တော့တဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ကြေညာသလို အစိုးရအာဘော်ထုတ်သတင်းစာတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံရေးပါတီထူထောင်ဖို့ တိုက်တွန်းရေးသားမှုတွေ ရှိခဲ့ပြီး အခုလို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အာဆီယံဒေသတွင်း လုံခြုံမှုအစည်းအဝေးမှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ခန့်ထားရေးတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှု တွေလုပ်ဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက်ပိုင်း အခုလို တိုက်ဆိုင်စွာနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးဦးအောင်ကြည်ကို အရင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီး အောက်တိုဘာ လဆန်းပိုင်းမှာ စတင်ခန့်ထားခဲ့ပြီး ၉ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဦးအောင်ကြည်ဟာ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ယူပြီး ၁၀ ကြိမ်မြောက်အဖြစ် တွေ့ဆုံမှု ပြန်လည်ပြုလုပ်လာတာ ဖြစ်ပါတယ်။