ရဲဘက်ပြေး၊ တရားခံပြေးကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး
DVB
·
January 25, 2016
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်အတွင်း အနိုင်ကျင့် မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်းပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုခံတိုက်ခိုက်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရဲဘက်ပြေး၊ တရားခံပြေးတို့ကို ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၂၄ ရက်နေ့က သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
ရဲဘက်ပြေး ကျော်ဝင်းစိန် (ခ) ကျင်စိမ်း (ခ) လှမျိုးနဲ့ တပည့်ဖြစ်သူ ငှက်ပျောသီး (ခ) နိုင်မင်းသူ (ခ) အေးမူတို့ကို ရွှေပြည်သာမြို့နယ် ချယ်ရီလမ်း နေအိမ်မှာ ရောက်ရှိနေတုန်း ပိတ်ဆို့ ဖမ်းဆီးရာ ကျော်ဝင်းစိန်က ဓားနဲ့ခုခံဖို့ ပြင်ဆင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံပြေးတွေဆီက ဓားမျိုးစုံ၊ လေးခွ၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၀ လုံး၊ လက်ထိပ် ၁ စုံ၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၁ စီး၊ နံပါတ်မပါ အနက်ရောင် လိုင်စင်မဲ့ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အခုဖမ်းဆီးရမိတဲ့ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်ဟာ လုယက်မှု၊ ဓားပြမှုတွေနဲ့ ကျန်ရှိပြစ်ဒဏ် ၆၅ နှစ် ကျခံနေရာက မုပ္ပလင် ကျောက်ထုတ်လုပ်ရေး စခန်းကနေ ထွက်ပြေးလာတာပါ။
သူ့ရဲ့တပည့်ဖြစ်တဲ့ ငှက်ပျောသီး (ခ) နိုင်မင်းသူကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ဓားခုတ်မှုနဲ့ အရေးယူခံထားရတဲ့ တရားခံပြေးတဦး ဖြစ်ပါတယ်။