ကျောက်မဲနှင့် သီပေါကြားတွင် ၁၂ ဘီးကားတစီး ချောက်ထဲထိုးကျ၊ ၁ ဦးသေဆုံး
DVB
·
January 25, 2016
ဇန်န၀ါရီ ၂၃ ရက် ည ၈ နာရီလောက်က ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါကြားမှာရှိတဲ့ မောင်ဖုန်းတောင်အတက်မှာ ၁၂ ဘီးကားတစီး ချောက်ထဲထိုးကျခဲ့ပါတယ်။
အမြင့်ပေ ၁၅၀ လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျပြီး အောက်မှာရှိတဲ့ ရထားသံလမ်းပေါ် ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ယာဉ် ချောက်ထဲထိုးကျမှုကြောင့် ယာဉ်ပေါ်မှာပါတဲ့ ယာဉ်နောက်လိုက် နေရာမှာတင် သေဆုံးခဲ့ပြီး ယာဉ်မောင်းကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
မီးရထားသံလမ်းပေါ် ကျခဲ့တာကြောင့် ၁၃၂ အစုန်ရထားဟာ ပုံမှန်ထက် ၃ နာရီလောက် နောက်ကျခဲ့ပေမယ့် သံလမ်းပျက်စီးတာမျိုးတော့ မရှိဘူးလို့ အငယ်တန်းအင်ဂျင်နီယာ ဦးတင်ဝင်းက ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်မောင်း ဦးသန်းဌေးကို သီပေါမြို့မ ရဲစခန်းက အမှုဖွင့် တိုင်ကြားထားပါတယ်။