Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှုအပေါ် မြန်မာသတင်းသမဂ္ဂဒု-ဥက္ကဋ္ဌနှင့် မေးမြန်းချက်
နေသွင်
·
July 25, 2011
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ ဦးသိန်းစိန်အစိုးရရဲ့ ကိုယ်စားလှယ် အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်က အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံကြပါတယ်။ ဒါဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၀၇ ခုနှစ် အဆုံးကနေ ဒီနေ့အထိ အကြိမ် ၁၀ မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်၊။ အရင်တုန်းက ထူးခြားတဲ့ နိုင်ငံရေး တိုးတက်မှုတွေ မမြင်ခဲ့ရတဲ့အတွက် ဒီတကြိမ် တွေ့ဆုံမှု အပေါ်မှာလည်း သံသယနဲ့ စောင့်ကြည့်နေကြ တာတွေရော၊ မျှော်လင့်ချက်နဲ့ အကောင်းမြင်တာတွေရော ရှိနေပါတယ်။ ဒီအမြင်တွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ မြန်မာ့သတင်းသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကို မေးမြန်းထားပါတယ်။ ပထမဆုံးမေးချင်တာက ဦးအောင်ကြည်ရဲ့ အခန်းကဏ္ဍပေါ့။ ဦးအောင်ကြည်က ဒီအစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ထိများ အရာရောက်တဲ့သူအဖြစ်နဲ့ ကျနော်တို့နားလည်လို့ ရလဲခင်ဗျ။ “ဦးအောင်ကြည်က ဘယ်လောက်အရာရောက်သလဲ ဆိုတော့ သူက Decision maker မဟုတ်တာတော့ သေချာတယ်။ သူက ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။” နောက်တခုက အခုလို တွေ့ဆုံဆွေးနွေးမယ်ဆိုတာမျိုး သတင်းတွေက ပြောရမယ်ဆိုရင် ဘာလီမှာလုပ်တဲ့ အာဆီယံ အစည်းအဝေးတွေမှာလို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောကြဆိုကြ ပေါ့လေ။ အထူးသဖြင့် အမေရိကန်က ဖိအားပေးနေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်တယ်။ ဒါက တမင်သက်သက် တိုက်ဆိုင်မှု သက်သက်လို့ ပြောလို့ရမလား။ ဒါမှမဟုတ်ရင် မတော်တဆ တိုက်ဆိုင်သွားတာလား။ “ဒီကိစ္စက မတော်တဆ တိုက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ နိုင်ငံတကာဖိအားတွေက တော်တော်လေး များလာတာ တွေ့ရတယ်။ ခုနက အထူးသဖြင့် asean summit မတိုင်ခင်ကတည်းက အထွေထွေ ဖိအားတွေများတယ်။ အချိန်ကာလအားဖြင့် သုံးလ၊ သုံးလခွဲဆိုတဲ့ အချိန်ဟာ အတိုင်းအတာအားဖြင့် နည်းတယ်လို့ ဆိုနိုင်သော်လည်းပဲ၊ စိတ်ကောင်းနှလုံးကောင်း ရှိတာကို ပြမယ်ဆိုရင်တော့ ဒီအတောအတွင်းမှာ မပြနိုင်စရာ အကြောင်း ဘာမှမရှိဘူး။ နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ကိစ္စဆိုတာ ဘာမှခဲရာခဲဆစ် ကိစ္စမဟုတ်ဘူး။ အဲတော့ ဆုံးဖြတ်ချက် ချက်ချင်း မချဘူးဆိုရင်တောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်ချင်တယ်ဆိုတာ တဖွဖွ ပြောနေတော့ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ဘက်က သူတို့ကို စာနဲ့ပေနဲ့လည်းပြောတယ်။ အမြဲတမ်းလိုလို ရေဒီယို အင်တာဗျူးတွေနဲ့လည်း ဒီကိစ္စတွေပြေလည်ချင်တယ်ဆိုရင် တွေ့ဆုံပါဆိုတာကို အမြဲပြောတယ်။ သို့သော်လည်း ရက်တရာအတွင်းမှာ ဘာမှ အရိပ်အယောင်မပြခဲ့ဘူး။ အဲတော့ ဒီကြားထဲမှာမှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်နေကြတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကော လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေကော၊ အထွေထွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက နေပြီးတော့ အများကြီး ဖိအားတွေ ပေးလာတာတွေ့ရတယ်။ တိုင်းရင်းသားဒေသထဲမှာ ဖြစ်နေတဲ့ အထူးသဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်တွေကို ထောက်ပြတယ်။ အဲတော့ ဒီစစ်တွေကာအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒီစစ်တပ်ရဲ့ မတော်မတရားလုပ်မှုတွေ မိန်းကလေးတွေကို အနိုင်အထက်လုပ်မှုတွေ၊ လု၊ ယက်၊ သတ်ဖြတ်တာတွေ၊ ကျနော်တို့ ဂျနီဗာကွန်ဗန်းရှင်း ၁၉၅၃၊ ဒီစစ်ပွဲအတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူး။ ဒါတွေကို ထောက်ပြပြီး ဖိအားတွေက တော်တော်များလာတာ တွေ့ရတယ်။ ဒီအတောအတွင်းမှာကိုပဲ ခုနက ဘာလီမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်ကနေ အခြားလမ်းရွေးစရာ မရှိဘူး။ တွေ့ဆုံဆွေးနွေးမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တွေ့ဆုံဆွေးနွေးရမယ့် အဖွဲ့အစည်းများနဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ မြန်မာနိုင်ငံရဲ့ အဖြေကို ရှာပါဆိုတာကို ထပ်ပြီးတော့ ပြင်းပြင်းထန်ထန်ဖိအားပေးတယ်။ အကယ်၍ အဲဒီလမ်းကြောင်းမှ မရွေးဘူးဆိုရင် ဒီထက်ဆိုးတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဘာတွေ ရောက်လာမယ့်ဆိုတဲ့ သဘောပေါ့။ အရိပ်အမြွက် လက္ခဏာပြ ပြောသွားတာရှိတယ်။ နောက်တခါ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်ကလည်း အမြဲတမ်းစောင့်ကြည့်နေတာဆိုတော့ ဒါကို သူတို့သဘောပေါက်ပါလိမ့်မယ်။” ဟုတ်ကဲ့ ခုနက ဦးဇင်လင်းရှင်းပြသွားတဲ့ နိုင်ငံတကာ ဖိအားတွေပေါ့။ ပြည်တွင်းဖိအားတွေ အကုန်လုံးကို ရှောင်လွှဲချင်လို့ ဆိုတဲ့အခါကျတော့ သူတို့မှာ စစ်မှန်ပြီးတော့မှ တကယ့်ကို နိုင်ငံရေးတိုးတက်စေချင်တဲ့ ဆန္ဒနဲ့ တွေ့ဆုံတာမျိုးကော မျှော်လင့်လို့ မရနိုင်ဘူးလား။ အစိုးရလည်း ပြောင်းသွားပြီဆိုတော့။ “ကျနော်တို့ ဘေးကနေ မြင်တဲ့အမြင်ကတော့ မလိုလားအပ်တဲ့ မာန်မာနတွေ ရှိနေတယ်။ ဒီမာန်မာနတွေက အရင် သူတို့စစ်အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ မာန်မာနတွေပဲ။ သူတို့စိတ်ထဲမှာ အခုလို ကျနော်တို့ အတိုက်အခံများနဲ့ တွေ့ဆုံဆွေးနွေးရမှာကို အလျှော့ပေးရတယ်။ အောက်ကျနောက်ကျ နိုင်တယ်ဆိုတဲ့ဟာမျိုး မြင်နေပုံရတယ်။ အဲဒါအပြင် တကယ်ကို အရေးကြီးတဲ့ ကိစ္စက ဘာလဲဆိုတော့ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ။ ဒါက ကျနော်မြင်တာ သော့ချက်ပြဿနာပဲ။ ဆိုတော့ ကြည့်ရတာ သူတို့သဘောထားတွေက အရင်တုန်းက အစွဲတွေ မကျွတ်သေးဘူးလို့ ကျနော်တို့ မြင်တယ်။ သူတို့ရိုးရိုးသားသား တိုင်းပြည်အပေါ် စေတနာသန့်သန့်နဲ့ မာနတွေ အာဃာတတွေကို ခ၀ါချပြီးတော့ ဆွေးနွေးပွဲ ထိုင်နိုင်တဲ့ လက္ခဏာ မတွေ့ရဘူး။ အဲဒါပြဿနာပဲ။” လူတကာကို မလှည့်စားဘူးဆိုရင် အခုလိုဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ဆီကနေ သူတို့ဘာတွေများ ရနိုင်မယ်လို့ မျှော်လင့်ထားလဲ။ အရင်က လုပ်ခဲ့တဲ့ ဟာတွေလေးမှာ သူတို့ဘာတွေ ရတယ်လို့ ဦးဇင်လင်း သုံးသပ်လဲ။ “နိုင်ငံတကာရဲ့ အားနည်းချက်ကို သူတို့က အမြတ်ထုတ်တာပေါ့။ နိုင်ငံတကာရဲ့ အားနည်းချက်ဆိုတာ ပြောရမယ်ဆိုရင် ဥရောပနိုင်ငံတချို့က ဗမာပြည်ထဲက သယံဇာတတွေကို ၀င်နှိုက်ချင်တာ ရှိတယ်။ ဗမာပြည်ထဲမှာ အတင်းဝင်ပြီး စီးပွားရေးလုပ်ချင်နေတာက ဇက်ကြိုးသတ်လို့ မရပါဘူး။ အဲဒီအခြေအနေ ဖြစ်နေတယ်။ အဲဒါကို သူတို့က အခွင့်ကောင်း ယူတာပဲ။ သူတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ သဘောထားတွေ မလျှော့တာပါ။ တင်းမာနေတာပါ။ စသည်ဖြင့် ၀ါဒတွေဖြန့်တယ်။ အဲတော့ ဒီလိုပုံစံမျိုးနဲ့ နိုင်ငံတကာ ဖိအားကို လျော့သွားလိုက် တင်းလာလိုက်ဆိုတဲ့  အခြေအနေတွေ ကြားထဲမှာပဲ လူးကာလွန့်ကာနဲ့ သူတို့အကျိုးစီးပွားကို ကာကွယ်ရင်း သွားနေတဲ့ ပုံသဏ္ဌာန် မြင်နေရတာပဲ။” အရင်ကာလတွေတုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှာပဲ ရှိနေတဲ့အခါကျတော့ ကျနော်တို့က ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုလည်းပေါ့။ သိခွင့်မရခဲ့ဘူး။ နောက်တခုကလည်း ကျနော်ထင်ပါတယ်။ ထိပ်တန်းဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်ထားတာလား ဆိုတဲ့အခြေအနေပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်က လွတ်နေတဲ့ အခြေအနေမှာ သူတို့က တွေ့တယ်ဆိုတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး လူတွေကလည်း မေးကြတာပေါ့။ ထုံးစံအတိုင်း၊ ဆိုလိုတာက အရင်အတိုင်း သူတို့ ဆက်လိမ်လို့ ရပါဦးမလား ဆိုတဲ့ အနေအထားတခုနဲ့။ “အဲဒါကတော့ ကျနော်ထင်တယ်။ ဒီဟာသူတို့ အရင်လောက်ကို အကြာကြီး လိမ်ထားလို့ မရဘူး။ ကာလသတ်မှတ်ချက်တော့ ရှိနေမယ်လို့ ကျနော်ထင်တယ်။ အမေရိကန်ကလည်း နောက်လာမယ့် ဖိအားတွေသည် ကာလအကန့်အသတ် ဘောင်ထဲကနေ သွားမယ်လို့ ကျနော်မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူအမြဲတမ်းပြောပါတယ်။ လူတိုင်းသိသင့် သိထိုက်တဲ့ အချက်အလက်တွေ အမြဲတမ်း ပြည်သူလူထုကို ထုတ်ပြောလေ့ရှိတယ်။ အဲတော့ တချို့ကိစ္စတွေတော့ သူတို့ဘက်ကနေပြီး တောင်းဆိုမှု ရှိခဲ့လို့ရှိရင်လည်း ကာလအကန့်အသတ်နဲ့ပဲ လက်ခံမယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတကြိမ်မှာတော့ အရင်တုန်းက စကားပွဲတွေနဲ့တော့ မတူနိုင်ဘူးလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒီတခါတော့ တွေ့ဆုံပွဲမှာ သူတို့ဘက်က ဘယ်လိုအသံထွက်သလဲ၊ ဘယ်လောက်ထိ လိုက်လျောမှု ရှိနိုင်မယ်ဆိုတာတော့ အချိန်သိပ်များများ မစောင့်ရပဲ သိလာလိမ့်မယ်လို့ ယူဆတယ်။ အဲဒီလို သိလာတဲ့ အချက်အလက် အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုများကလည်း လက်ရှိ ဦးသိန်းစိန်အစိုးရ အပေါ်ကို သူတို့ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အတိုင်းအတာတွေကနေ ထပ်ပြီးတော့ ပြည်တွင်းဖိအားတွေကလည်း တက်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲလိုယူဆပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024