အာဖဂန်တွင် သတင်းထောက်များ စီးလာသည့်ကား တိုက်ခိုက်ခံရ၊ ၇ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်က ရုရှားသံရုံးနားမှာ ပုဂ္ဂလိကပိုင် အာဖဂန် ရုပ်သံလိုင်းအတွက် အလုပ်လုပ်နေတဲ့ သတင်းထောက်တွေ စီးလာတဲ့ကားကို ဇန်န၀ါရီ ၂၀ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ရုရှားသံရုံးနား ကားကြပ်တဲ့ ညနေပိုင်းမှာ တိုက်ခိုက်ခံခဲ့ရပြီး လူ ၇ ဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဇူလိုင်လက ကျိုးပေါက်ခဲ့တဲ့ တာလီဘန် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စဖို့ အားထုတ်နေချိန်မှာ မြို့တော်ကဘူးလ်ကို အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတာပါ။ ၂၄ နာရီ သတင်းရုပ်သံလွှင့်နေတဲ့ အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး ရုပ်သံလိုင်း တိုလိုနယူးစ်နဲ့ တွဲလုပ်နေတဲ့ ကဘူးလ်ရာ ထုတ်လုပ်ရေးကုမ္ပဏီပိုင် ကားကို ဗုံးခွဲသူက ပစ်မှတ်ထားခဲ့တာလို့ ကဘူးလ်ရဲချုပ် အဗ္ဗဒူ ရာမန် ရာဟီမီက သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားသံရုံးကတော့ တိုက်ခိုက်မှုအတွင်း သူ့ဝန်ထမ်းတွေ ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။ အစ္စလာမ္မစ် သူပုန်တွေဟာ ၁၅ နှစ်ကြာ သူပုန်ထမှုအတွင်း အကြီးဆုံး အောင်မြင်မှု အနေနဲ့ မနှစ်က နိုင်ငံမြောက်ပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အစိုးရတပ်တွေက ပြန်မောင်းထုတ်နိုင်ခဲ့တာပါ။ ၂၀၁၆ နှစ်သစ်ကစပြီး ကဘူးလ်မြို့တော်မှာ ဗုံးတိုက်ခိုက်မှု ၆ ခုကို ရင်ဆိုင်ခဲ့ပြီးပါပြီ။ ဇန်န၀ါရီ ၁၇ ရက်နေ့က ဒုံးကျည်တစင်း ကဘူးလ်မြို့ အီတလီသံရုံးနားမှာ ကျရောက် ပေါက်ကွဲခဲ့လို့ လုံခြုံရေးအစောင့် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၁၅ နှစ်ကြာစစ်ပွဲကို အဆုံးသတ်ရေး ညှိနှိုင်းမယ့် နည်းလမ်းတွေရှာဖို့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေက သံတမန်တွေ ဒီသီတင်းပတ်ထဲမှာ တွေ့ဆုံခဲ့ပါတယ်။ တာလီဘန်တွေကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့မှာပဲ ကဘူးလ်မြို့က နိုင်ငံခြားသားတွေ သွားလေ့ရှိတဲ့ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကို တိုက်ခိုက်ဖို့ စစ်သွေးကြွတွေက စီစဉ်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရထားတယ်လို့ အမေရိကန် အစိုးရက သတိပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မယ့် နည်းလမ်း၊ နေရာ၊ အချိန်နဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ မရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up