ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် တရုတ်ဆန့်ကျင်ရေး စုရုံးဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရဲ့ မြို့လယ်မှာ ဇန်န၀ါရီ ၁၉ ရက်နေ့က ဒါဇင်နဲ့ချီတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုရုံးခဲ့ပြီး ပါရာဆဲလ်ကျွန်းစုတိုက်ပွဲ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က ပါရာဆဲလ်ကျွန်းစုကို တရုတ်တို့က အပြီးထိန်းချုပ်လို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဗီယက်နမ်စစ်သည်တွေကို ဂါရဝပြုဖို့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုအရေး တင်းမာနေချိန်မှာ ခုလို စုရုံးခဲ့တာပါ။ ဗီယက်နမ်တောင်ပိုင်းက ကျွန်းငယ်တွေနဲ့ သန္တာကျောက်တန်းတွေ ၄၀ နီးပါးလောက်ရှိတဲ့ ပါရာဆဲလ်ကျွန်းစုနားမှာ မတော်တဆမှုတွေ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။ ဆန္ဒပြသူ အများအပြားက ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင် ချီတက်ခဲ့ပါတယ်။ ကျူးကျော်သူ တရုတ်တွေ ကျဆုံးပါစေ၊ စပရတ်တလေနဲ့ ပါရာဆဲလ်ကျွန်းတွေကို ဗီယက်နမ်ပိုင်တယ် စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။ လက်ရှိအာဏာရ ဗီယက်နမ်အစိုးရက သတင်းအချက်အလက်တွေကို မပေးခဲ့လို့ ပါရာဆဲလ်စစ်ပွဲနဲ့ အဲဒီစစ်ပွဲအတွင်း စစ်သည် ၇၄ ဦး ကျဆုံးခဲ့ရတာကို လူအများအပြားက မသိခဲ့ကြဘူးလို့ အသက် ၂၉ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ငုယင် ဖူအုန်းက ပြောပါတယ်။ ဝါဒဖြန့်ချိရေး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ဗီယက်နမ်မြောက်ပိုင်းက လူသိများတဲ့ ရုပ်ရှင်မင်းသမီးလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ တရုတ်ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ လက်ရှိ ကွန်မြူနစ်အစိုးရက တောင်ဗီယက်နမ် စစ်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို အသိအမှတ်ပြုပြီး ပြန်လည်ပေါင်းစည်းရေးနဲ့ ပြည်သူတွေ ညီညွတ်ရေးအတွက် လုပ်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ဆောက်ထားတဲ့ လူလုပ်ကျွန်းပေါ် လေယာဉ်ဆင်းသက် ပျံသန်းမှုကြောင့် ဗီယက်နမ်က တရုတ်ကို အချုပ်အခြာ ချိုးဖောက်မှုနဲ့ ဇန်နဝါရီ ၃ ရက်နေ့က စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ပါရာဆဲလ်ကျွန်းတွေနားက ငါးဖမ်းလှေတွေကို ပစ်ခတ်မှုနဲ့ ခြိမ်းခြောက်မှုတွေအတွက်လည်း ဗီယက်နမ်က တရုတ်ကို စွပ်စွဲခဲ့ပါတယ်။ တရုတ်အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပယ်ပြီး သူ့အချုပ်အခြာကို ကာကွယ်ဖို့ တရားဝင်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။ တရုတ်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံတန် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောတွေရှိရာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောဆိုတဲ့အတွက် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up