ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည့် ဟောင်ကောင်မှ ခွေးကလေးများ ဒေါ့ဂသင်တန်း (ရုပ်သံ)

ဟောင်ကောင်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ခွေးကလေး ၂၇၀ ပါဝင်တဲ့ ဒေါ့ဂလို့ အမည်ပေးထားတဲ့ ယောဂကျင့်စဉ်သင်တန်းဟာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Ibtimes သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီသင်တန်းမှာ ခွေးကလေးတွေဟာ ပိုင်ရှင်တွေနဲ့အတူ နာရီဝက်ကျော်ကြာအောင် ခန္ဓာကိုယ် ကွေးဆန့်ထုတ်တာတွေ၊ နှိပ်နယ်တာတွေကို သင်တန်းဆရာမ ဆူဇက်အက်ကာမင်နဲ့အတူ ပြုလုပ်ခဲ့ကြတာပါ။ ဆူဇက်အက်ကာမင်က ဒီသင်တန်းဟာ ကိုယ့်ရဲ့ အိမ်မွေးခွေးလေးတွေနဲ့အတူ စိတ်အပန်းဖြေ ပျော်ရွှင်မှု ရစေမယ်လို့ ပြောပါတယ်။ “ဒါက အရေးကြီးပါတယ်။ ဒီနေ့ သူတို့ ပျော်ရွှင်နေကြတယ်။ ဟောင်ကောင်မှာရှိကြတဲ့ လူတွေဟာ အချိန်ပြည့် အလုပ်များနေကြတာပါ။ အများစုဟာ အိမ်မွေးခွေးလေးတွေ ရှိကြပေမယ့် သူတို့နဲ့ အပြင်ထွက် လမ်းလျှောက်တာတွေကို တခြားတယောက် အကူအညီနဲ့ လုပ်နေကြတာလေ။” “ဒီ ဒေါ့ဂသင်တန်းကိုလာဖို့ အနည်းဆုံး အချိန်တနာရီလောက် ပေးနိုင်မယ်ဆိုရင် ရှင်တို့အနေနဲ့ ဒီမှာ ကိုယ့်ရဲ့ အိမ်မွေးခွေးနဲ့ ကိုယ်ပဲရှိနေမယ်။ တီဗွီမရှိဘူး၊ ရှင်တို့ကို ခေါ်နေမယ့် ဖုန်းတွေမရှိဘူး၊ အင်တာနက်နဲ့ ဖေ့စ်ဘွတ်ခ်လို စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မရှိဘူး။ ဒါဟာ ကောင်းတယ်လို့ ကျမထင်ပါတယ်။” သင်တန်းမှာ ပါဝင်ခဲ့တဲ့ ဆူဆန်ချန်းအမည်ရ အမျိုးသမီးတဦးက သူ့ရဲ့ ဆန်းရှိုင်းလို့ အမည်ပေးထားတဲ့ ခွေးကလေးနဲ့အတူ တက်ရောက်ခဲ့တာပါ။ သူက ခုလို စံချိန်သစ်တင်နိုင်လို့ ဂုဏ်ယူပြီး နောင်လည်း ဆက်လက်ပါဝင်သွားချင်တယ်လို့ ပြောပါတယ်။ “ကျမ အရမ်းသဘောကျပါတယ်။ တကယ့်ကို ကောင်းပါတယ်။ ဒါဟာ သူနဲ့ ကျမ နီးနီးကပ်ကပ်ရှိနေပြီး ပိုပြီး ရင်းနှီးနွေးထွေးစေပါတယ်။” ဒီသင်တန်းဟာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပြီလို့ ဂီးနက်စ် ကမ္ဘာ့စံချိန်အဖွဲ့အစည်းက အတည်ပြုပေးခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၂၅ ရက်နေ့ ဆန်ဒီယေဂိုမြို့မှာ ကျင်းပခဲ့တဲ့ ခွေးနဲ့ ပိုင်ရှင်စုံတွဲ ၂၆၅ တွဲနဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up