ဗီလာနှင့် ၀က်စ်ဘရွန်းတို့ အနိုင်ရသည့် အက်ဖ်အေဖလား (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၁၉ ရက်က ကစားသွားတဲ့ အက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲတွေမှာတော့ ပရီးမီးယားလိဂ်က အက်စ်တွန်ဗီလာနဲ့ ၀က်စ်ဘရွန်းတို့ အနိုင်ရသွားပါတယ်။ ဗီလာက အင်္ဂလန် ဒုတိယတန်းကလပ် ၀ီကောင်ဘီအသင်းနဲ့ ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာပါ။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်း ၇၅ မိနစ်နဲ့ မိနစ် ၉၀ တွေမှာ ဂိုးတွေသွင်းယူခဲ့ပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်းသာ ရှိခဲ့သလို ရတဲ့အခွင့်အရေးကို အသုံးမချနိုင်လို့ ၀ီကော်ဘီက ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ၀ီကောင်ဘီကြောင့် ဗီလာက အခက်တွေ့ရတယ်လို့ ပွဲအပြီးမှာ ဗီလာနည်းပြက ပြောဆိုခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် စတုတ္တအဆင့်ကို တက်ရောက်သွားတဲ့ ဗီလာကတော့ ပရီးမီးယားလိဂ်က မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ အင်္ဂလန် ပထမတန်းက ဘရစ်တိုးစီးတီးအသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်း ၅၂ မိနစ်မှာ ၀က်စ်ဘရွန်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆော်လမွန် ရန်ဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘရစ်တိုးစီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားသွားနိုင်ခဲ့သလို ပထမပိုင်း ၁၅ မိနစ်အထိ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒီပွဲအနိုင်ရတဲ့ ၀က်စ်ဘရွန်းက အက်ဖ်အေဖလား စတုတ္တအဆင့်ကို တက်ရောက်သွားသလို နောက်တဆင့်မှာတော့ ဒုတိယတန်းကလပ် ပီတာဘရော့ဂ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up